
ဆောင်းပါးရှင် ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မတ် ၉ ရက်)
“ပျော်ပျော်နေသေခဲ” စိတ်ပျော်ရွှင်မှ အသက်ရှည်ပါမည်…တဲ့။
သည်စကားအတိုင်းဆိုရင်တော့ ကျွန်တော်တို့မျိုးဆက်တွေ အသက်ရှည်ကြမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့တွေဟာ စစ်အာဏာသိမ်းမှုကြောင့် ပျော်ရွှင်ခြင်းတွေအပြင် ဘာတွေဆုံးရှုံးလိုက်ရသလဲ။
လူတိုင်း လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပြီး ကိုဗစ်ကပ်ရောဂါ (COVID-19 ) အပြီးမှာတော့ လူငယ်လူရွယ်တွေဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် သူတို့ရဲ့ အိပ်မက်ခြေလှမ်းတွေကို စတင်ဖို့ စိုင်ပြင်နေခဲ့ကြတာပါ။ ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ အဓမ္မအာဏာသိမ်းယူမှုကြောင့် ရွှေရောင်လွှမ်းခဲ့တဲ့အချိန်တွေ၊ အားအင်အပြည့်ခွန်အားတွေ စိတ်အားထက်သန်မှုတွေအားလုံးဟာ ပျက်စီးပြိုလဲ ခဲ့ရပါတယ်။
စစ်ခေါင်ဆောင်မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းယူမှုအကျိုးဆက်ကြောင့် ငွေကြေးတန်ဖိုးခိုင်မာမှုမရှိတော့သလို့ ကျပ်ငွေတန်ဖိုးဟာ သုံးဆခန့်အထိကို တန်ဖိုးကျဆင်သွားပြီး အင်တာနက် အသုံးပြုမှုလည်း ကန့်သတ်ခံလိုက်ရပါတယ်။
လျှပ်စစ်ဓာတ်အား ရရှိမှုနည်းပါးလာပြီး ကုန်ကြမ်း ရှားပါးမှု လုပ်သား အင်အားရှားပါးမှုတို့နဲ့အတူ ထုတ်လုပ်ရေးမှန်သမျှ ကျဆင်းခဲ့ရပါတယ်။
စစ်ခေါင်းဆောင်ဟာ စစ်မှုမထမ်းမနေရစနစ်ကို အတည်ပြုဋ္ဌာန်းလိုက်ပြီး လူငယ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးစစ်မှု ထမ်းစေခြင်းနှင့် ပြည်သူမှန်သမျှ ရန်သူလိုနှိမ်နှင်းခြင်းတို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များစွာဟာ ထိခိုက်ပျက်စီးဆုံးရှုံးနေရပါတယ်။
#၁၉၉၀ခုနှစ်များအတွင်းမွေးဖွားလာကြသူများနှင့်မြန်မာနိုင်ငံစနစ်ဆိုး
၁၉၉၀ ကနေ ၁၉၉၉ ခုနှစ်အတွင်း မွေးဖွားခဲ့သူတွေရဲ့ စိတ်မကျန်းမာခြင်းကို အာဏာသိမ်းပြီး ကာလမှာ ပိုမို တွေ့လာရပါတယ်။ အဲ့ဒီအရွယ် လူငယ်တွေဟာ ငယ်စဉ်ကလေးဘဝမှာ တံခါးပိတ်အမှောင် နေ့ရက်များကြုံခဲ့ရပေမယ့် ခေတ်ပြောင်းအပြီးကမ္ဘာကြီးကိုလည်း အချိန်နဲ့ အမျှလေ့လာခွင့် ရလာခဲ့ကြပါတယ်။
ဒါပေမယ့်လည်း နိုင်ငံတိုးတတ်တော့မယ့်အချိန်မှာ ချောက်ထဲတွန်းချခံလိုက်ရပါတယ်။ ၂၅နှစ်- ၃၅ နှစ် အသက်အရွယ်အပိုင်းအခြားအတွင်း လူငယ်တွေ ကြုံတွေ့ရတဲ့ စိတ်သောကဖြစ်စရာတွေက များလှပါတယ်။
#လူငယ်တွေရဲ့စိတ်သောက
လူတစ်ယောက်ရဲ့စိတ်ဟာနာကျင်မှုဟာ ပူပင်သောကများပြီး စိတ်ညစ်ရတာတွေ၊ စိတ်ထိခိုက် ကြေကွဲမှုတွေ ၊ ပြင်းထန်တဲ့ စိတ်ခံစားမှုတွေဆီကနေ လာပါတယ်။ သူတို့ရဲ့ အတွေးတွေနဲ့အတူ တဆက်တည်းလိုက်လုပ်မိတဲ့ အားထုတ်မှုတွေကြောင့် ကိုယ်တိုင်ဖြစ်စေ တစ်ပါးသူတွေ အပေါ်မှာပါဖြစ်စေ အန္တရာယ်ကျရောက်တတ်ပါတယ်။
ဒါကြောင့် အန္တရာယ်မဖြစ်ခင်ကပင် စိတ်ကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ကုသသင့်ပါတယ်။ စိတ်ဓာတ်ကျနေမှ ကုသရမှာမဟုတ်ဘဲ စိတ်အခြေအနေမတည်ငြိမ်ခြင်းကိုပါ ဂရုစိုက်အလေးထား ရပါမယ်။
ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်း နှင့် နာကျင်အောင်ပြုလုပ်မိခြင်း ၊ ဒေါသထွက်လွယ် ပေါက်ကွဲ လွယ်သော စိတ်ဖြစ်နေခြင်း၊ မရှိသည်ကိုရှိသည်ဟုမြင်ခြင်း၊ မကြားသည်ကိုကြား သည်ဟု ထင်ခြင်းကဲ့သို့ အမြင်မှားခြင်းပြဿနာများ၊ အတွေးပိုင်းဆိုင်ရာ မှားယွင်းယုံကြည်နေမိခြင်း၊ဆေးလိပ် အရက်အလွန်အကြူးစွဲလမ်းမိနေခြင်း၊ ဖြတ်တောက်ရန်ကြိုးစားသောအခါ ဆိုးရွားလွန်းတဲ့ အပြုအမူတွေပြုလုပ်မိခြင်း၊ အစာမစား အိပ်မပျော်ရက်ရှည်ခံစားရခြင်း၊ ရုန့်ရင်းကြမ်းတမ်းသောစကားများ၊ ခက်ထန်ပြင်းထန်တဲ့ ကိုယ်အမူအရာတွေ မထိန်းချုပ်နိုင်ဘဲ ပြုလုပ်မိခြင်း၊ စိုးရိမ်စိတ်များလွန်းခြင်း၊တုန်လှုပ်ချောက်ချားခြင်း၊ မေ့ထားပစ်ချင်တဲ့ အဖြစ်ဆိုးတွေ စိတ်ထဲမှာအမြဲရှိနေခြင်း၊ အိပ်မက်ဆိုးမက်ခြင်းတွေက ခံစားရတတ်တဲ့ စိတ်ထိခိုက်ခံစားနေရခြင်းရဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။
#စိတ်ပင်ပန်းခြင်းရဲ့အစ
စိတ်ပင်ပန်းထိခိုက်ခြင်းရဲ့အကြောင်းအရင်းကို ရှာဖွေကြည့်တဲ့အခါ ကိစ္စတစ်ခုထဲကြောင့် ဖြစ်ရတာရှိသလို ကိစ္စများစွာကြောင့်စိတ်ပင်ပန်းထိခိုက်ရတာလည်းရှိပါတယ်။ တစ်ခါတစ်လေမှာတော့ အကြောင်းချင်းရာကို ရှာလို့မရတာလည်း ဖြစ်တတ်ပါတယ်။
ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်း၊ ရောဂါကူးစက်ခံရခြင်း၊ ကင်ဆာဖြစ်ခြင်း စသည်ဖြင့် ကျန်းမာရေးထိခိုက်၍ စိတ်ထိခိုက်နိုင်ပါတယ်။
လူငယ်အများစုဟာ အသက်နှစ်ဆယ့်ငါး၊ သုံးဆယ်အတွင်းမှာ ကာလသားရောဂါတွေ၊ နာတာရှည် ကူးစက်ရောဂါတွေ၊ HIV ပိုး၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး စသဖြင့် ကူးစက်မှုခံရတဲ့ အခါမှာလည်း စိတ်ပင်ပန်းထိခိုက်ရပါတယ်။
ဒါကြောင့် လူငယ်လူရွယ်တွေဆီကို မူးယစ်ဆေးဝါး အပါအဝင် အခြားကျန်းမာရေးထိခိုက်ပြီး စိတ်ကို မူးယစ်ပြောင်းလဲစေနိုင်သော အန္တရာယ်ရှိပစ္စည်းတွေ အတားအဆီးမဲ့ရနေတဲ့ အခြေအနေဆိုးကို တားဆီးရမှာဖြစ်ပါတယ်။
ဘဝတိုးတက်ရေးအတွက် ပညာသင်အခွင့်အလမ်းတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိတ်ပင်တားဆီးခံရခြင်းကြောင့် လူငယ်အများစုစိတ်သောကရောက်ရပါတယ်။ စစ်အာဏာရှင်က ချုပ်ထိန်းထားတဲ့ တက္ကသိုလ်တွေရဲ့ တန်းတူမျှတမရှိသော ပညာရေးစနစ်ကို တွန်းလှန်ပြီး နိုင်ငံတကာ အဆင့်မီ စာမေးပွဲများ ဖြေဆိုရန် ကြိုးစားကြသူတွေ၊ ပြည်ပတက္ကသိုလ်ဝင်ခွင့်ရဖို့ ကြိုးစားကြသူတွေကိုလည်း စစ်ကောင်စီက နည်းလမ်းပေါင်းစုံသုံးကာ အကျပ်ကိုင်ဒုက္ခပေးလျက်ရှိပါတယ်။
စစ်ကောင်စီအာဏာရှင်ယန္တရားပျက်ပြားရေးအတွက် အကြမ်းမဖက်အာဏာဖီဆန်ကြတဲ့ ပြည်သူ့ဝန်ထမ်း CDM တွေကိုလည်း ပြင်ပအလုပ်အကိုင်မရနိုင်အောင်ဖိနှိပ်ခြင်း၊ ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်း၊ ခြိမ်းခြောက်ဖမ်းဆီးခြင်း စတဲ့နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပေးလျက်ရှိပါတယ်။
အဲ့သည်လို အလုပ်အကိုင်နဲ့ ပညာရေးအခွင့်လမ်း ပိတ်ဆို့တားဆီးခံထားရတဲ့ လူငယ်လူတွေများအနေနဲ့ စိတ်ဓာတ်ကျတယ်ဆိုတာဟာ မဆန်းလှပါဘူး။
မိသားစုအရေး လူမှုရေးနှင့် ပတ်သက်လာလျှင်လည်း အိမ် ထောင်ကျပြီးသူများမှာ လူ့အသိုက်အဝန်း တာဝန်များကို ထမ်းပိုးနေရပြီး အိမ်ထောင်မကျသေးသူများမှာလည်း ခေတ်ပျက်မှာ ရုန်းကန်နေ ရပါတယ်။ တစ်နိုင်ငံလုံးဒုက္ခရောက်နေချိန်မှာ မိဘဆွေမျိုးမောင်နှမများ တာဝန်ကိုပါ ထမ်းပိုး နေရသူဆိုပါက ဘယ်လောက်အထိ စိတ်ဖိအားများနိုင်တယ်ဆိုတာကို တွေးကြည့်ရုံနဲ့ပင် ခန့်မှန်းနိုင်ပါတယ်။
စီးပွားရေးကျပ်တည်းလာတာနဲ့အမျှ သုံးငွေပမာဏကို ထိန်းချုပ်နေထိုင်ကြရပါတယ်။ ခေတ်ကာလ ကောင်းခဲ့စဉ်က စိတ်ကြိုက် သုံးနိုင်ခဲ့ပေမယ့် ခေတ်ပျက်မှာတော့ ဖိအားများစွာနဲ့ ချွေတာသုံး နေရတာလည်း စိတ်ပင်ပန်းရခြင်း အကြောင်းအရင်း တစ်ချက်ပဲ ဖြစ်ပါတယ်။
ယခင်က ဘ၀တူ အခြေအနေတူ သူငယ်ချင်းတွေနဲ့ ယှဉ်ပြီးတော့လည်း မိမိကိုယ်ကိုယ် စိတ်အားငယ်ခြင်း ခံစားရတတ်ပါတယ်။ နေသာသလိုနေပြီး အဆင်ပြေနေကြတဲ့လူတွေကို မြင်ရတာ ကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်မကောင်းဖြစ်ရကြပါတယ်။
နိုင်ငံရပ်ခြားလည်းထွက်ခွာခွင့်မရ၊ ပြည်တွင်းမှာ ကောင်းရောင်းကောင်းဝယ် အလုပ်အကိုင်ရှာဖွေ စားသောက်ခွင့် မရချိန်မှာ ကိုယ်ချင်းမစာဘဲ စကားဖြင့်ဖြစ်စေ၊ အမူအရာဖြင့်ဖြစ်စေ စိတ်ထိခိုက်အောင် အနှောက်အယှက်ပေးလာကြသူတွေကိုလည်း လျစ်လျူပြုနေရပါတယ်။
#စိတ်ကျန်းမာဖို့ကြိုးစားရှင်သန်ကြပါစို့
“ရန်သူက သေစေချင်တဲ့အခါ မသေအောင် နေပေးရတာလည်း တိုက်ပွဲတစ်ခုဗျ” ဆိုတဲ့ ဗန်းမော် တင်အောင် ရဲ့ စာ သားအတိုင်း ကျွန်တော်တို့တွေ ရှင်သန်နေရပါမယ်။
စိတ်ဒဏ်ရာရတာကို လက်ခံထားပြီး မိမိကိုယ်ကိုယ် ချစ်စိတ်လေးတိုးလာပါစေ။ ကိုယ့်အတွက် ကိုယ့်ရင်ထဲမှာ ငြိမ်းချမ်းစေမယ့် နေရာလေးဖန်တီးပါ။ စိတ်ဆင်းရဲစေတဲ့လူတွေကို တတ်နိုင်သမျှ ရှောင်ပါ။ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့လူတွေနှင့် ကောင်းမွန်နဲ့ပေါင်းသင်းဆက်ဆံရေး တည် ဆောက်ပါ။
သံယောဇဉ်တိုးပွားစေဖို့ စိတ်ကျန်းမာစေဖို့ရန်အိမ်မွေးတိရစ္ဆာန်လေးများ စောင့်ရှောက်ခြင်း လုပ်နိုင်ပါတယ်။ အိမ်တွင်းအလှဆင်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ တေးဂီတနားဆင်ခြင်း၊ တူရိယာတီးခတ်မှု သင်ယူခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်း၊ ဝါသနာအလိုက်နှစ်သက်ပျော်ရွှင်ရာများ ဆောင်လုပ်ခြင်း၊ ပန်းချီဆွဲခြင်း၊ အနုပညာအလှပကိုခံစားခြင်း၊ သဘာဝနဲ့နီးစပ်အောင်နေထိုင်ခြင်း၊ ပရဟိတအဖွဲ့အစည်းများနှင့်ဆက်ဆံခြင်း၊ သတိပဌာန်နည်းလမ်းဖြင့် တရားထိုင်ခြင်း၊ စာအုပ်ဖတ်ခြင်း ရုပ်ရှင်ကြည့်ခြင်းတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။
အကယ်၍ စိတ်ကိုထိန်းချုပ်ရာခက်ခဲပါက အရွယ်တူသူငယ် ချင်းများနှင့်တွေ့ဆုံခြင်း၊ ကျွမ်းကျင် စိတ်ကျန်းမာရေးပညာရှင်များကိုအကူညီတောင်းခံခြင်း၊ အတတ်ပညာအသစ်တစ်ခုခုသင်ယူခြင်းတွေပြုလုပ်ပြီး ကိုယ့်စိတ်နှလုံး ကျန်းမာရွှင်လန်းအောင် လုပ်ဆောင်သင့်ပါတယ်။
ဒါကြောင့် ၁၉၉၀ မှ ၁၉၉၉ ခုနှစ်ဖွား လူငယ်လူတွေ အနေနဲ့ မိမိတို့ဘဝကို အားမလျော့ပါနဲ့။ အခိုင်အတန့်အားဖြင့် အခက်အခဲကိုရင်ဆိုင်ရခြင်းပဲဖြစ်ပါတယ်။ အခက်အခဲတစ်ခုကိုရင်ဆိုင် ကျော်လွှားပြီးတိုင်း ဘဝအတွေ့အကြုံရရှိပြီး ပိုမိုရင့်ကျက် သန်မာသောလူသားတစ်ယောက် ဖြစ်လာ တာကို လက်ခံလိုက်ရမှာဖြစ်ပါတယ်။
ဧရာဝတီတိုင်းပရိသတ်များလည်း စိတ်သောကရောက်နေကြသူများကို ချစ်ခင်ကြင်နာခြင်းဖြင့် ဆက်ဆံ နိုင်ကြပါစေ။
ကိုယ်တိုင်လည်း စိတ်သောကတွေကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်။ နောက်တစ်ပတ်မှာတော့ မွေးမြူရေးလုပ်ငန်းနှင့် ကျန်းမာရေးဆောင်းပါးကို ဖော်ပြပေးမှာဖြစ်ပါတယ်။ စောင့်မျှော်အားပေးဖတ်ရှုကြပါအုံးခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #လူငယ်တွေရဲ့စိတ်သောကနဲ့ကျန်းမာရေး #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)