
ဧရာဝတီတိုင်းမ်
မတ် ၈ ရက်
တပ်ရင်းဌာနချုပ် အခြေစိုက်စခန်းပေါင်း ၁၄၀၀ နီး ပါး ပိုင်ဆိုင်ထားသည့် စစ်တပ်က တပ်ရင်းများပြုန်း တီးလာပြီးနောက် စစ်မှုထမ်းဥပဒေဖြင့် အသက်ဆက် နေရကြောင်း သိရသည်။
နိုင်ငံအနှံ့ တိုက်ပွဲများဖြစ်လာပြီးနောက် စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များရှိ တပ်သားများ အင်အား ပြုန်းတီးလာသည့် အတွက် ၂၀၂၃ အောက်တိုဘာ ၂၇ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအပြီးတွင် စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထုတ်ပြန်ကာလူသစ်စုဆောင်းမှုများ လုပ်ဆောင်ခဲ့သည်။
ရခိုင်၊ ရှမ်းမြောက်၊ ကချင်၊ ကရင်နီ၊ ချင်းနှင့် စစ်ကိုင်းတို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်ရင်း တပ်မများ ဖွဲ့စည်းပုံပျက်သည်အထိ ပြုန်းတီးပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်၍ ပြည်သူစစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းကာ နိုင်ငံအတွင်းရှိ လူငယ်များကို စစ်သင်တန်းပေး၍ ရှေ့တန်းစစ်မျက် နှာသို့ပို့ဆောင်လျက်ရှိသည်။
“ရခိုင်နဲ့ကချင်မှာ တပ်မ တပ်ရင်းလိုက်ပြုတ်တယ်။ တိုက်ခိုက်ရည်မရှိဘဲ အတင်းဖမ်းခေါ်လာတဲ့ တပ်သားသစ်တွေကိုအရေးကြီးတဲ့ တိုက်ပွဲတွေကိုပို့တယ်ဆိုကတည်းက စစ်တပ်မှာ လူမရှိတော့လို့ပဲ။ အပို့ခံရတဲ့ သင်တန်းဆင်းတပ်သားသစ်တွေက ထွက်ပြေးကြတာတွေရှိပေမယ့် ပြန်မိရင် ရက်ရက် စက်စက်သတ်ပစ်တာနဲ့ နှိပ်စက်တာတွေလုပ်လို့ အများစုက မပြေးရဲကြဘူး။ စစ်တပ်က တပ်သား သစ်တွေကို အတင်းအဓမ္မစုဆောင်းနေတယ်ဆိုတာ တပ်လိုအပ်ချက်ကြောင့်ပဲ”ဟု တပ်ဝင်/ထွက်နှင့် တပ်အင်အားများ၊ ကြေးနန်းများကိုင်တွယ်ရသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်သတင်းရင်းမြစ် က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကွပ်ကဲမှုဌာနချုပ် ၉၃ ခု၊ ခြေလျင်၊ ခြေမြန်တိုက်ခိုက်ရေးတပ်ရင်း ၅၂၂ ရင်း၊ လက်ရုံးဝန်ထမ်းတပ် ၆၈၅ တပ်၊ ရေတပ်စခန်း ၆၄ ခု၊ လေတပ်စခန်း ၂၀ ခု၊ စုစု ပေါင်းအခြေစိုက်စခန်း ၁၃၈၄ ခု ပိုင်ဆိုင်ထားသည့် စစ်ကောင်စီတပ်သည် လက်ရှိတွင် အခွံနီးပါးသာ ကျန်ရှိတော့ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ကလည်း တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း ၁၀ ခုမှ ခမရ ၃၁၅ မှလွဲ၍ ကျန်တပ်ရင်း ကိုး ရင်း စလုံးကို စစ်အင်အားဖြည့်တင်းခဲ့ရာတွင် လူသစ်တပ်သား အများစုဖြင့် စစ်အင်အားဖြည့်တင်းခဲ့ ကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။
ဧရာဝတီ-ရခိုင်အစပ်၊ ပဲခူး-ရခိုင်အစပ်၊ မကွေး-ရခိုင်ခိုင် အစပ်တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်အင်အား လိုအပ်ချက်ကို လူသစ်သင်တန်းသားများဖြင့် ဖြည့်တင်းနေကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ တိုက်ပွဲပြင်းထန်လာသည့် ကျောက်ဖြူနှင့် စစ်တွေသို့ စစ်သင် တန်းဆင်းများကို ရေယာဉ်ကြီးငယ်နှင့် လေယာဉ်များ အသုံးပြု၍ စစ်ကောင်စီက အလျင်အမြန် ပို့ဆောင်နေ ကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့ စတင်ထုတ်ပြန်ခဲ့သည့် စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် နိုင်ငံအနှံ့ရှိ လူငယ်များကို အဓမ္မဖမ်းဆီးခေါ်ယူ၍ အမှတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နီးပါး စုဆောင်းပြီး စစ်သင်တန်းပေးခဲ့ရာ ယခုဆိုလျှင် အမှတ်စဉ် (၁၁) အထိ လူသစ်ခေါ်ယူစုဆောင်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ပုံစာ-အမှတ်စဉ် (၁၀) စစ်မှုထမ်းသင်တန်း တက်ရောက်ရန်အတွက် လူသစ် စုဆောင်းခြင်းခံရသူများ
#အခြေစိုက်စခန်း #၁၄၀၀ #နီးပါး #တပ်ရင်း #တပ်အင်အား #ပြုန်းတီး #စစ်မှုထမ်း #သင်တန်းသားသစ် #အသက်ဆက် #Ayeyarwaddy_Times