ဧရာဝတီတိုင်းမ်
မတ် ၈ ရက်

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများ နှင့် အကြမ်းဖက်မှုများကို ကျူးလွန်သူများ အပေါ် အခြေအနေအရပ်ရပ်ကြောင့် ဥပဒေအရ အရေးယူနိုင်ရန် စိန်ခေါ်မှုများရှိပါက လူမှုရေး ပြစ်ဒဏ်များပေးအပ်ကြရန် အမျိုးသမီး အရေးလှုပ်ရှားသည့်အဖွဲ့အစည်းများက တိုက်တွန်း ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးအရေးနှင့် ဂျဲန်ဒါတန်းတူညီမျှရေးကို လှုပ်ရှားဆောင်ရွက်သည့် အဖွဲ့အစည်း ၂၅ ဖွဲ့က ယနေ့ မတ် ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် သဘောထားထုတ်ပြန်ချက် ကိုး ချက်တွင် ထုတ်ပြန်၍ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ် ကျူးလွန်သူများမှာ အပြစ်ကိုဝန်မခံခြင်း၊ ဝန်ခံသော်လည်း ထပ်ခါ ထပ်ခါ ပြန်လည်ကျူးလွန်နေပြီး တရားဥပဒေအရ အရေးယူနိုင်ခြင်း မရှိသူများကို လူမှုအသိုင်းအဝိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိ စေရေးအတွက် ကျူးလွန်သူများနှင့် အတူအလုပ်တွဲမလုပ်ခြင်း၊ ဆက်သွယ်ဆက်ဆံခြင်း မပြုရန် နှင့် အသိမှတ်ပြုနေရာပေးခြင်းများ မပြုလုပ်ကြခြင်းဖြင့် လူမှုရေးပြစ်ဒဏ်များပေးရန် အမျိုးသမီးအဖွဲ့အစည်းများက တိုက်တွန်းထားခြင်း ဖြစ်သည်။

တော်လှန်ရေးကာလအတွင်း ဥပဒေလမ်းကြောင်းအရ တရားစွဲဆိုအပြစ် ပေးနိုင်ရန်မှာ စိန်ခေါ်မှုများစွာရှိနေပြီး အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့်လည်း မည်သည့် နေရာ၊ အချိန်၊ ဒေသတွင် ကျူးလွန်သူမည်သူဖြစ်စေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

ပဋိပက္ခအတွင်း အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းမှာ ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး အမှန်တရားကို မြတ်နိုးသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအစုအဖွဲ့များ နှင့် တော်လှန်ရေးတပ်ဖွဲ့များ မှ လုပ်ပိုင်ခွင့်၊ အာဏာများကို အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ၊ အကြမ်းဖက်ဖက်မှုများ ပြုလုပ် နေခြင်းများလည်း ရှိနေသည့် ထိုသို့ပြုလုပ်ခြင်းများကို ရပ်တန့်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စသည့် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုများမှာ လူ့အခွင့်အရေးချိုးဖောက်နေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ကျူးလွန်မှုများကိုလည်း ကျူးလွန်သူများမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရေးမရှိ စေရေးကို အမျိုးသမီးအဖွဲ့အစည်းများမှ အလေးပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဂျဲန်ဒါအခြေပြုခွဲခြားဆက်ဆံမှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အပါအဝင် အကြမ်းဖက်မှုများကို တော်လှန်ကာလအတွင်း စစ်ကောင်စီ၏ ကျူးလွန်မှုများ၊ ပြည်သူလူထုကြားအချင်းချင်းကျူးလွန်မှုများ၊ တော်လှန်ရေးဘက်တော်သားများမှကျူးလွန်မှု တိုင်ကြားချက်များကို အမျိုးသမီးအဖွဲ့အစည်းများမှ စဉ်ဆက်မပြတ် လက်ခံရရှိနေသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ချက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် စုပေါင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – အင်တာနက်
#အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ #လိင်ပိုင်းဆိုင်ရာအကြမ်းဖက် #Ayeyarwaddy_Times