ဧရာဝတီတိုင်းမ်
မတ် ၇ ရက်

စစ်ကောင်စီသည် တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်/ကောလိပ်စာပေးပွဲကာလအတွင်း လျှပ်စစ်မီး စဉ်ဆက်မပြတ်ပေးမည်ဆိုသည်အပေါ် ကျောင်းသား မိဘများက အယုံအကြည်မရှိကြောင်း သိရသည်။

ယမန်နေ့ မတ် ၈ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ ဖြိုးရေးကော်မရှင် အစည်းအဝေးတွင် တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်စာမေးပွဲဖြေဆိုချိန် စာကျက်ချိန်ကာလများအတွင်း ဓာတ်အားစဉ်ဆက်မပြတ်ရရှိရန်လိုအပ်ကြောင်း ယင်းကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

” မတ်လ ၁၇ ရက်မှ ၂၂ ရက် အတွင်း တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်/ ကောလိပ်စာမေးပွဲများ တစ်ပြိုင်တည်းကျင်းပမည်ဖြစ်သည့်အတွက် စာမေးပွဲ ဖြေဆိုချိန်ကာလနှင့် စာကျက်မှတ်ချိန် ကာလ များအတွင်း ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး အထူးအလေးထားဆောင်ရွက်ရန်လိုသည်” ဟု စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။

လက်ရှိချိန်တွင်လျှပ်စစ်မီးသည် ၂၄ နာရီတွင် ၄ နာရီသာရရှိနေချိန်တွင် စာမေးပွဲကာလအတွင်း လျှပ်စစ်မီး တောက်လျှောက်ပေးမည်ဆိုသည့်အပေါ်ကို အယုံအကြည်မရှိကြောင်း တက္ကသိုလ် ကျောင်းသား မိဘများထံက သိရသည်။

” မီးပေးမယ်ဆိုရင် တော့ကောင်းတာပါ့။ အခုကတော့ မယုံပါဘူး။ မီးတကယ်ရမှ သိရမှာပဲ။ အရင်နှစ် သားဆယ်တန်းတုန်းကလည်း ဖယောင်းတိုင်မီးနဲ့စာကျက်ရတာပဲ။ အခုတော့တက္ကသိုလ်ပထမနှစ်။ မီးရရင်တော့ ကလေးအတွက်အဆင်ပြတာပေါ့” ဟု ရန်ကုန်မြို့ခံ မိခင်တစ်ဦးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade- 5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade- 9 အစိုးရစစ်စာမေးပွဲဖြေဆိုနေရချိန်ဖြစ်သည်။

ရန်ကုန်မြို့တွင် ၄ နာရီလာ ၈ နာရီပြတ် အလှည့်ကျစနစ်ဖြစ့် လျှပ်စစ်မီးသုံးနေရပြီး အခြားမြို့များတွင် လျှပ်စစ်မီးလာချိန်တိကျမှုမရှိကြောင်းသိရသည်။

စစ်ကောင်စီ ပညာရေးကျောင်းများရှိရာ ပြင်ဦးလွင်တွင်မူ နံနက်ပိုင်းနှင့် နေ့ခင်းပိုင်းမီးပြတ်ပြီး ညနေ ၄ နာရီမှစတင်ကာ ညလုံးပေါက်အထိ လျှပ်စစ်မီးရရှိကြောင်း မြို့ခံတစ်ဦးထံက သိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် တက္ကသိုလ်စာမေးပွဲတို့ကို မတ်လ ၁၇ ရက်မှ ၂၂ ရက်‌အတွင်း ဖြေဆိုရဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီ၀ဗေဒ/ ဘောဂဗေဒတို့ကို တစ်ရက်တစ်ဘာသာနှုန်းဖြင့် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပိတ်ရက်မရှိ ဖြေဆို ရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနထံက သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#တက္ကသိုလ်ဝင်တန်းစားမေးပွဲချိန် #လျှပ်စစ်မီးရမည် #တက္ကသိုလ် #Ayeyarwaddy_Times