ဧရာဝတီတိုင်းမ်
မတ် ၇ ရက်

တရုတ်အစိုးရ၏ သတင်းပေးမှုဖြင့် ကျားဖြန့်ငွေလိမ် လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟု ဆိုကာ အဖမ်းခံလိုက်ရသည့် စစ်ဗိုလ်ချုပ်ကြီးများထဲမှ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ တူဖြစ်သူကို ပြီးခဲ့သည့် မတ် ၃ ရက်နေ့က ၎င်းတာဝန်ထမ်းဆောင်ရာ တန့်ယန်းသို့ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျသွားပြီးနောက် စစ်ကောင်စီသည် တန့်ယန်းမြို့တွင် ရမခ စစ်ရုံးဖွင့်လှစ်ခဲ့ကာ ဗိုလ်မှူးကြီးထွန်းနိုင်စိုးကို ရမခ တိုင်းစစ်ဦးစီးချုပ်အဖြစ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

“တိုင်းဌာနမှာ အရာရှိနှစ်ယောက်လုံး လစ်လပ်သွားလို့ စစ်ဦးစီးချုပ်ကို ပြန်ပို့တယ်ဆိုပြီး သတင်းလွှင့်ထားတယ်။ အဓိကတော့ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးရဲ့ တူဖြစ်နေလို့ ပြန်လွှတ်တာထင်ပါတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျားဖြန့် ငွေလိမ်လည်ဂိုဏ်းများတွင် ပါဝင်ပတ်သက်နေသည့်အပြင် လာဘ်စားပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားသည့် အတွက် ရမခတိုင်းမှူးအပါအဝင် စစ်ဗျူဟာမှူးတိုင်စစ်ဦးစီးချုပ်တို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ တတိယပတ်က ကျင်းပသည့် ဗထူးတပ်နယ် ဗိုလ်လောင်းသင်တန်းဆင်းပွဲအပြီးတွင် စစ်ကောင်စီက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ရမခတိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုး၊ တန့်ယန်းစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းတင်၊ မိုင်းရယ်စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး မြတ်မော်အောင်တို့ကို စစ်ကောင်စီက နေပြည်တော်တွင် ဖမ်းဆီးထိန်း သိမ်းထားခြင်းဖြစ် ကြောင်း သိရသည်။

၎င်းတို့ထဲမှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးထွန်းနိုင်စိုးကိုမူပြန်လည်လွှတ်ပေးခဲ့ပြီး မူလရာထူးနှင့် တာဝန်များကို ဆက်လက်ထမ်းဆောင်ခိုင်းထားကြောင်း သိရသည်။

စစ်ကောင်စီသည် တရုတ်အစိုးရ၏ တောင်းဆိုမှုများနှင့် တိုက်ရိုက်တိုင်ကြားမှုများကြောင့် ကျားဖြန့်လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည့် စစ်အရာရှိများကို ဖမ်း ဆီးထောင်ချမှုများ ပြုလုပ်နေပြီး ဆက်လက်အရေး ယူမှုများလည်း ရှိနေကြောင်း သိရသည်။

#ရမခ #တိုင်းစစ်ဦးစီးချုပ် #ဗိုလ်မှူးကြီးထွန်းနိုင်စိုး #ပြန်လွှတ် #ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး #တူ #Ayeyarwaddy_Times