နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနာဂတ်အတွက် နှစ်နိုင်ငံအကြား ဆွေးနွေးကြရန် ဥရောပ၏ “နောက်ဆုံး အာဏာရှင်နိုင်ငံ” ဟု သတ်မှတ်ခံထားရသည့် ဘီလာရုစ်သို့ သွားရောက်မည်ဖြစ်သည်။

လက်ရှိတွင် ရုရှားနိုင်ငံသို့ ရောက်ရှိနေသော စစ်ခေါင်းဆောင်သည် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံနေသော ဘီလာရုစ်သမ္မတ လူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ထိုနိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ခေါင်းဆောင်၏ အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ၂၅ နှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် သက် ဆိုင်နေပြီး ထိုအတွက် ဘီလာရုစ်သမ္မတက သဝဏ်လွှာပေးပို့၊ ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့်လည်း ဘီလာရုစ်နှင့် မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံကြား ပြည်သူများနှင့် နိုင်ငံအချင်းချင်းအကြား အကျိုးစီးပွားများကို အနာဂတ်တွင် ပိုမိုဖန်တီးလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဘီလာရုစ်သမ္မတက ပြောသည်။

ပြီးခဲ့သည့်နှစ်ကတည်းက ဖိတ်ကြားခဲ့သော ဘီလာရုစ်သမ္မတ၏ သဝဏ်လွှာတွင် မကြာခင်အချိန်အတွင်း ဘီလာရုဇ်သို့ လာရောက်ကာ အနာဂတ်အတွက် နှစ်နိုင်ငံလုပ်ငန်းစဉ်များ ဆွေးနွေးမည်ဟု ဖော်ပြထားပြီး ယခုမှ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ထိုခရီးစဉ်အတွင်း သမ္မတ လူကာရှန်းကော့၊ နိုင်ငံဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အပါ အဝင် ဘီလာရုစ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူပေါင်းဆောင်ရွက်ရန် ဆွေးနွေးသွားမည်ဟု စစ်ကောင်စီက ဆိုသည်။

ဘီလာရုစ်သည် အရှေ့ဥရောပရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး ရုရှား၊ ယူကရိန်း၊ ပိုလန်၊ လစ်သူယေးနီးယား၊ လတ်ဗီယာနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေကာ ၁၉၉၄ ခုနှစ်မှစ၍ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသလို စစ်ကောင်စီ၊ ရုရုားတို့နှင့် ပူးပေါင်းလျက်ရှိကြောင်း သိရသည်။

ထို့အပြင် စစ်ခေါင်းဆောင်နှင့် ဘီလာရုစ် နိုင်ငံခြားရေးဝန်ကြီးတို့ ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်ကလည်းကောင်း၊ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ဘီလာရုဇ် သံအမတ်ကြီးတို့သည် ဒီဇင်ဘာ ၅ ရက်တွင်လည်းကောင်း အသီးသီးတွေ့ဆုံထားသည်။

အဆိုပါတွေ့ဆုံမှုများအတွင်း ကာကွယ်ရေးအပါအဝင် ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ (၂၅) နှစ်ပြည့် သံတမန်ဆက်ဆံရေး အထိမ်းအမှတ် ကျင်းပသွားရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဘီလာရုဇ်နိုင်ငံသည် စစ်အာဏာသိမ်းမှုကို တရုတ်၊ ရုရှားနိုင်ငံနည်းတူ ထောက်ခံခဲ့သလို နည်းပညာနှင့် စစ်လက်နက် ပစ္စည်းများကိုလည်း မြန်မာစစ်တပ်အား ရောင်းချနေ၍ နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်ခြင်းကို ခံနေရသော်လည်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ခေါ်ထားသည်။

#စစ်ခေါင်းဆောင် #အနာဂတ်အတွက် #အာဏာရှင် #ဘီလာရုစ်နိုင်ငံ #Ayeyarwaddy_Times