ဧရာဝတီတိုင်းမ်
မတ် ၆ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် လူငယ်တစ်ဦးကို မတရားဖမ်းဆီး နှိပ်စက်ပြီး သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်အပါအဝင် ရဲ လေးဦးကို စစ်ဆေးနေကြောင်း သိရသည်။

လေးမျက်နှာမြို့၊ အမှတ် (၁)ရပ်ကွက်မှ အသက် ၂၀ကျော်လူငယ်တစ်ဦးကို ပြီးခဲ့သည့် ‌မတ် ၂ရက်နေ့တွင် နယ်မြေရဲစခန်းမှ ဒုရဲအုပ်ကောင်းထက်လင်းက ဖမ်းဆီးနှိပ်စက်ပြီး ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ညအချိန်အပြင်ထွက်သည့်အတွက် နိုင်ငံရေးမသင်္ကာမှုဟုဆိုကာ လူငယ်ကို ဖမ်းဆီးပြီး ထုနှက်နှိပ်စက် သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည့် အပေါင်းအပါ ရဲများကိုပါ စစ်ဆေးနေကြောင်း သိရသည်။

“ခရိုင်က လာစစ်တယ်ပြောတာပဲ။ အလုပ်ပြတာဖြစ်ဖို့များပါတယ်။ အရေးယူမှု ရှိ၊ မရှိကြည့်ရမှာ ပေါ့ဟု” ‌ဧရာဝတီဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒုရဲအုပ်နှင့်အဖွဲ့က ပုဂ္ဂိုလ်ရေးမကျေနပ်ချက်နှင့် လူငယ်ကိုဖမ်းဆီးထုရိုက်နှိပ်စက်ကာ ဆဲဆိုပြီး ခေါင်းကို သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သတ်ဖြတ်ခဲ့သည့် အဆိုပါ ဒုရဲအုပ်နှင့်အဖွဲ့ကို ပြီးခဲ့သည့် မတ်လ ၃ရက်နေ့တွင် တိုင်းညွှန် ကြားချက်ဖြင့် ခရိုင်အဆင့်ရဲများက လူသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#ဧရာဝတီ #လေးမျက်နှာမြို့ #ဒုရဲအုပ်နှင့်အဖွဲ့ #ဖမ်းဆီးနှိပ်စက် #ပစ်ခတ်စစ်ဆေး #Ayeyarwaddy_Times