
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မတ် ၆ ရက်
ကရင်နီပြည်နယ်တွင် စစ်ကောင်စီသည် ယခုလ မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကိုဆက်တိုက်လုပ်ဆောင်နေပြီး ဒီးမော့ဆို မြို့နယ်သို့ အများဆုံး ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်းသိရသည်။
စစ်ကောင်စီသည် ဒီးမော့ဆိုမြို့နယ်အတွင်းသို့ နှစ်ရက် ဆက်တိုက် လေကြောင်းဖြင့်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မတ် ၄ ရက်နေ့တွင် ဒီးမော့ဆို အနောက်ခြမ်းသို့ ဗုံး ရှစ် လုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ် ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါနေ့တွင်ပင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် အချက်ရေ ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး ကာမီကာဇဲ အသေခံ ဒရုန်းများကို ပထမဆုံး အကြိမ် အသုံးပြုကာ တိုက်ခိုက်မှုပြုလုပ်ခဲ့ ကြောင်း သိရသည်။
“လောလောဆယ် ၄ ရက် ၅ ရက်မှာ ဗုံးကြဲမှုတွေ ဆက်တိုက်ဖြစ်တယ်။ လေးရက်နေ့က ဒီးမော့ဆို အနောက်ခြမ်းမှာ အနည်းဆုံးကြဲချတာက ရှစ်လုံးပေါ့နော်။ ပေါက်ကွဲတာကလေးလုံးပေါ့နော် နေရာ သုံး လေးနေရာပေါ့နော် လူထုတွေ စစ်ရှောင်တွေရှိတဲ့တဝိုက်ပေါ့နော်” ဟု ကြားကာလကရင်နီပြည် အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် မတ်လ ၅ ရက်နေ့တွင်လည်း ဒီးမော့ဆို အရှေ့ခြမ်း သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် စာသင်ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင် တဲတစ်လုံးလဲပျက်စီးခဲ့ကြောင်း သိရသည်။
မတ်လ ၅ ရက်နေ့တွင်ပင် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ ဒေသခံ နှစ် ဦး ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့ကြောင်းသိရသည်။
စစ်ကောင်စီသည် ယနေ့ မတ်လ ၆ ရက်နေ့တွင်လည်း ဒီးမော့ဆို အနောက်ခြမ်းသို့ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဒေသခံထိခိုက်မှုများ မရှိခဲ့ကြောင်း သိရသည်။
ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ တစ်လတာအတွင်းကလည်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ကလေးငယ် နှစ် ဦးအပါအဝင် အရပ်သား ခုနစ် ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Karenni Human Rights Group ထံကသိရသည်။
ဓာတ်ပုံ – Karenni Human Rights Group
#ကရင်နီ #စစ်ကောင်စီ #ဗုံးကြဲတိုက်ခိုက် #ဒီးမော့ဆို #လက်နက်ကြီးပစ်ခတ် #Ayeyarwaddy_Times