ဂျီဒီပီ တိုးမြင့်ခြင်းမရှိဘဲ လိုငွေအချိုး လျှော့ချခြင်းဖြစ်၍ ပြည်သူများထိခိုက်နစ်နာနိုင်

ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

ယခုနှစ် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် စစ်ကောင်စီ၏သုံးစွဲငွေနည်းမှုနှင့် သွင်းကုန်ပစ္စည်းကန့်သတ်မှုများကြောင့် လိုငွေနှင့် ဂျီဒီပီ (gross domestic product-GDP) အချိုးလျော့ကျကာ ၄ ဒသမ ၇၄ ရာခိုင်နှုန်းသတ်မှတ်ထားကြောင်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ယမန်နေ့ မတ် ၅ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေငွေစာရင်းများ စိစစ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ် ရသုံးမှန်းခြေလျာထားမှုအပေါ် တွက်ချက်ရာတွင် လိုငွေနှင့်နှိုင်းယှဉ်ချက်အရ လိုငွေနှင့်ဂျီဒီပီအချိုး မှာ ၄ ဒသမ ၇၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

” စစ်ကောင်စီရဲ့ အသုံးစရိတ်တွေနည်းလာတယ်။ သွင်းကုန်တွေကန့်သတ်လိုက်တယ် ဘာမှမဝယ်ဘူး။ ဘာမှမသုံးဘူးဆိုတော့ လိုငွေကျတယ်။ GDP ကသိသိသာသာတက်လာတာမရှိဘူး။ လောင်စာဆီ၊ ဆေးဝါးတွေ ကန့်သတ်တော့ လူထုထိခိုက်တယ်။ မှောင်ခိုဈေးကွက်ကြီးလာတယ် ” ဟု ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောကြားသည်။

ထို့ပြင် အသစ်ဖွဲ့စည်းပေးထားသည့် ကော်မရှင် ၃ ရပ်နှင့် ဆက်စပ်နေသည့် ဝန်ကြီးဌာနများ၊ အခြားသော မဖြစ်မနေပံ့ပိုးထောက်ပံ့ရမည့် ခေါင်းစဉ်များအတွက်သုံးစွဲရာတွင် လိုငွေနှင့်ဂျီဒီပီအချိုး ၅ ရာခိုင်နှုန်း မကျော်ရန် သုံးစွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဂျီဒီပီက မတိုးဘဲ လိုငွေအချိုးကို လျှော့ချတာဆိုရင် ပြည်သူတွေ နစ်နာနိုင်ပါတယ်။ စစ်ကောင်စီရဲ့ သုံးစွဲမှုဟာ အများပြည်သူအတွက် မဟုတ်ရင်တော့ လူထု ဘဏ္ဍာရေးအခြေအနေပိုမို ဆိုးရွားနိုင်ပါတယ်။ လူမှုဖူလုံရေးထောက်ပံ့မှု၊ ပညာရေး၊ ကျန်းမာရေး တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။ နိုင်ငံခြားမိတ်ဖက်တွေနဲ့လည်း ဘဏ္ဍာရေးဆက်ဆံမှုတွေ ထိခိုက်နိုင်ပါတယ်” ဟု ဘောဂဗေဒနှင့် ပတ်သက်၍ နားလည်သူတစ်ဦးက ဆိုသည်။

စစ်ခေါင်းဆောင် ဖွဲ့စည်းပေးထားသည့် ကော်မရှင်အသစ်တွင် စက်မှုဖွံ့ဖြိုးရေးကော်မရှင်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အပါအဝင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်တို့အတွက် လိုငွေနှင့်ဂျီဒီပီအချိုး မှာ သုည ဒသမ ၃ ရာခိုင်နှုန်းကိုသုံးစွဲမည်ဖြစ်ကြောင်း စစ်ကောင်စီထံက သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ စားသုံးသူဈေးဆနှုန်း( consumer price index) မြင့်တက်လာကာ ၁၈၈ ဒသမ ၀၅ ရှိကြောင်း Treading Economics မှ ၂၀၂၃ ခုနှစ် ထုတ်ပြန်ချက်အရသိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ စားသုံးသူဈေးဆနှုန်း( consumer price index) သည် ၁၆၂ ဒသမ ၃၃ ရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ထံက သိရသည်။

၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွင် လိုငွေနှင့် ဂျီဒီပီအချိုး ၅ ဒသမ ၀၇ ရာခိုင်နှုန်းရှိကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံက သိရသည်။

ဓာတ်ပုံ-ဆင်ဟွာ

ပုံစာ-ရန်ကုန်ဆိပ်ကမ်းတွင် တွေ့ရသည့် ကွန်တိန်နာနှင့် ကွန်တိန်နာတင်ကားများ (ပုံဟောင်း)

#လာမည့်ဘဏ္ဍာနှစ် #၂၀၂၅၂၀၂၆ #လိုငွေနှင့်GDP #လျော့ကျ #စားသုံးသူဈေးနှုန်းတက် #Ayeyarwaddy_Times