
(ချင်း) ၊ဧရာဝတီတိုင်းမ်
မတ် ၆ ရက်
တော်လှန်ရေးတပ်ဖွဲ့ များ ထိန်းချုပ်ထားသည့် ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များတွင် လွတ်လပ်စွာ ကုန်စည်သယ်ယူခွင့်ရရှိသော်လည်း ဒေသတွင်းဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးများပေးရ၍ ကုန်စျေးနှုန်း မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ကုန်စည်များ သယ်ယူရာတွင် ခရီး အနီး၊ အဝေးပေါ်မူတည်၍ တစ်မြို့နှင့်တစ်မြို့ ကုန်စျေးနှုန်းအနည်းအငယ် ကွာခြားမှုရှိသော်လည်း ကုန်စျေးနှုန်း မြင့်တက်နေသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်ဟု သိရသည်။
“လိုင်လင်းပီမြို့နဲ့ မင်းတပ်၊ ကန်ပက်လက်မြို့တွေဆို စျေးအနည်းငယ် ကွာတယ်။ ရေဇွာနဲ့ မတူပီမြို့ကလည်း စျေးကွာတာတွေရှိတယ်။ ဒါပေမဲ့ ကုန်စျေးနှုန်းကျတာ မဟုတ်ဘူး။ ခရီး အနီးအဝေးပေါ်မူတည်ပြီး စျေးကွာတာပဲရှိတယ်” ဟု လိုင်လင်းပီမြို့ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းပြည်တောင်ပိုင်း မြို့နယ်များသည် ကုန်စည်များကို မကွေးတိုင်း၊ ပခုက္ကူကျောက်ထု၊ ဆော၊ ဂန်ဂေါ့ စသည့်မြို့နယ်များမှ ဝယ်ယူတင်သွင်းပြီး ၎င်းမြို့နှင့် နီးစပ်သည့်မြို့နယ်များသည် တခြားမြို့များထက် ကုန်စျေးနှုန်းအနည်းအငယ် သက်သာကြောင်း သိရသည်။
ကုန်စည်းများ ဝယ်ယူတင်သွင်းရာတွင် လမ်းခရီးကြန့်ကြာခြင်း၊ စက်သုံးဆီစျေး မြင့်တက်ခြင်း၊ ဂိတ်ကြေးများ ပေးဆောင်ရခြင်း၊ ကုန်စျေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် မိမ်ိမြို့တွင် ပြန်လည်ရောင်းချသည့်အခါတွင် ကုန်စျေးနှုန်း ပိုမ်ိုမြင့်တက်ရခြင်းဖြစ်ကြောင်း ကုန်သည်အချို့က ပြောသည်။
“အဓိကတော့ ဂိတ်ကြေးပါ။ မတူပီမြို့ ရောက်ဖို့ဆိုရင် ဂိတ် ၁၀ ခုကျော်လောက် ဖြတ်ရတယ်။ ဂိတ်တခုမှာဆို ဂိတ်ကြေးက သိန်းနဲ့ချီပေးဆောင်ရတယ်။ ဂိတ် ၁၀ ခုလောက်ဖြတ်ရင် ဆယ်သိန်ကျော်၊ သိန်း ၂၀ လောက် ပေးရတယ်။ ပြီးတော့ ပြည်မမှာလည်း ကုန်စျေးနှုန်းတွေ မကျသေးဘူး။ သယ်ယူဖို့ကျတော့လည်း စက်သုံးဆီ ဝယ်ယူရတယ်။ ကားတစ်စီးငှားမယ်ဆိုရင် ဆယ်သိန်းကျော်၊ ၂၀ လောက်ပေးရတယ်။ အဲဒါတွေပြန်ရအောင် စျေးတင်ရောင်းတဲ့ခါ ကုန်စျေးနှုန်းတွေက ပိုမိုမြင့်တက်သွားတယ်” ဟု မတူပီမြို့မှ ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိန်းချုပ်နယ်မြေတွင် အများပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် လမ်းများပြုပြင်ဆောင်ရွက်ရန် ကားသမားများထံမှ ကားအမျိုးအစားပေါ်မူတည်၍ ဂိတ်ကြေးများ ကောက်ခံမှုရှိကြောင်း ချင်းကာကွယ်ရေးတပ်(ဇိုတုန်) ထံက သိရှိရသည်။
“ကျနော်တို့တော့ ဖြတ်ပိုင်းနဲ့ ကားအမျိုးစားလိုက် ကောက်ပါတယ်။ တစ်ခေါက်မှာ ၁၂ ဘီး ဆို တစ်သိန်းကိပ် ၊ ဆယ်ဘီးဆို ရှစ်သောင်းကျပ်၊ ခြောက်ဘီး ခြောက်သောင်းကျပ်၊ ဖော်
လန် လေးသောင်းကျပ်၊ အိမ်စီးကားကို နှစ်သောင်းကျပ် ကောက်ပါတယ်။ ဒီပမာဏဟာ တခြားမြို့တွေထက် အရမ်းနည်းပါတယ်။ ကားသမားတွေလည်း အရမ်းနည်းတယ်လို့ပြောပါတယ်။ ကျတော်တို့ သုံးရာသီ အမြဲ ပြည်တောင်စုလမ်းသုံးလို့ရအောင် ပြင်ပေးပါတယ်”ဟု CDF-Zotung တာဝန်ရှိသူ Salai Danny က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်းသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလမှစ၍ စစ်ကောင်စီတပ် ကင်းစင်သွားပြီးတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည်။
#ချင်းပြည်နယ်တောင်ပိုင်း #လွတ်လပ်စွာ #ကုန်စည်သယ်ယူခွင့်ရရှိသော်လည်း #ဂိတ်ကြေးများ #ကုန်စျေးနှုန်းကြီးမြင့် #Ayeyarwaddy_Times