ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်သစ်တောကြိုးဝိုင်းအတွင်းရှိအဖိုးတန်သစ်များကို ခိုးထုတ်ရောင်းချနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။

ကွင်းကောက်၊ ကျောင်းကွင်းအုပ်စု၊ တိုင်တရာကျေးရွာ၊ တိုင်တရာချောင်းတွင် ယင်းသစ်များကို ကားများဖြင့်သယ်ဆောင်ပြီး သစ်ခွဲစက်များသို့ပို့ဆောင်ကာ ခိုးထုတ်ရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

တိုင်တရာကျေးရွာရှိ ဦးတိုးကြီး၊ ဒေါ်မာမာ၊ မိုးဇော်ဦးနှင့် ရေးရွာအုပ်ချုပ်ရေးမှူး၏သားဖြစ်သူ ဦးထွန်းထွန်းတို့က သစ်များခိုးထုတ်ရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“သက်ဆိုင်ရာလူကြီးတွေလဲ ဘာမှမပြောပဲထားကြတယ်၊ ခုတ်ချင်သလိုခုတ်ပြီး အဖိုးတန်သစ်တွေက်ို ခိုးထုတ်ရောင်းချနေကြတာ။ ညဘက်ညည့်နက်ရင် ရွာထဲအိပ်လို့တောင်မရဘူး ကားတွေဆူညံပြီး သစ်တွေကိုခိုးထုတ်နေကြတာ။ အသေးအဖွဲလုပ်တဲ့သူတွေလည်း အများကြီးပါတယ်”ဟု ကျောင်းကွင်းအုပ်စုရှိဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သစ်များကို မကျည်းပင်ကွင်း၊ ခုံကြီး၊ ညောင်ပင်သာ၊ တလိုင်ခုံကျေးရွာများရှိ သစ်စက်များသို့ နေရောညပါပို့ဆောင်ပြီး ခွဲစိတ်ကာ ရောင်းချနေကြောင်း ဒေသခံများကပြောသည်။

ထိုသို့ ခွဲစိတ်ရောင်းချနေသည့် အမျိုးအစားများထဲတွင် အဖိုးတန်သစ်များဖြစ်သည့် ကျွန်း၊ ပျဥ်းကတိုးသစ်များ အများစုပါဝင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း အင်္ဂပူမြို့နယ်ရှိ ကျွန်းစိုက်ခင်းများနှင့် သစ်တောကြိုးဝိုင်းအတွင်းမှ သစ်များကို စစ်ကောင်စီနှင့်

ပူးပေါင်း၍ခိုးထုတ်နေသည့် သစ်မှောင်ခိုကား နှင့် ဆိုင်ကယ်တိမ်းမှောက်၍ ‌လူနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း ရခိုင်ရိုးမနှင့်ထိစပ်နေသည့် ကျွန်းစိုက်ခင်းများအပြင် သစ်တောကြိုးဝိုင်းများရှိ အဖိုးတန်သစ်များကို စစ်ကောင်စီတပ်၊ သစ်တော၊ အုပ်ချုပ်ရေးမှူး၊ ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများနှင့် သစ်မှောင်ခိုများ ပူးပေါင်းကာ တွင်တွင်ကျယ်ကျယ် ခိုးထုတ်ယူမှုများပ်ိုမိုပြုလုပ်လာကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်

ပုံစာ-၂၀၂၄ ခုနှစ်က အင်္ဂပူမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းရှိ ကျွန်းသစ်များကို ခုတ်လှဲထားစဥ်(ပုံဟောင်း)
#အင်္ဂပူမြို့ #ကွင်းကောက် #အဖိုးတန်းသစ်များ #တရားမဝင် #ခိုးထုတ်ရောင်းချ #Ayeyarwaddy_Times