ဧရာဝတီတိုင်းမ်
မတ် ၃ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ‌မတ် ၃ ရက် နံနက် ၁ နာရီမှ ၂ နာရီအထိ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာ ရှစ်ရွာခန့်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် Y 12 လေယာဉ်များသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သေတဲ့အထဲ အမျိုးသမီးများတယ်။ ရွာတွေပေါ်ဗုံးကြဲချသွားတာ။ ပြည်သူတွေကိုပစ်မှတ်ထားပြီးလုပ်တာ။ အဲဒီမှာ ဘယ်တော်လှန်ရေးတပ်ဖွဲ့မှ မရှိပါဘူး” ဟု မြိုင်မြို့နယ်ထဲရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မြိုင်မြို့နယ်ရှိ ဆိပ်ချေး၊ ဂျုတ်ကုန်း၊ ဘောင့်ဘင်၊ ညောင်ကုန်း၊ ဆူးဝင်းကျေးရွာများကို Y 12 လေယာဉ်များဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး ပေါက်မြို့နယ်အတွင်းရှိ လက်ပံတို၊ သရက်ကန်ရွာများကို ဂျက်ဖိုက်တာဖြင့် ကိုးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ်ရှိ ဘောင့်ဘင်ရွာမှ ပြည်သူလေးဦးသေဆုံးပြီး ရေနံမှော်အတွင်း သေဆုံးသူများလည်းရှိကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသတော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရေနံမှော်အတွင်း အဓိက ပျက်စီးဆုံးရှုံးမှုများပြားပြီး လူထိခိုက်မှုလည်း များပြားခဲ့ကာ အဆောက်အဦများ ပြိုကျပျက်စီးပြီး တိရိစ္ဆာန်များလည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ဗုံးကြဲပြီးနောက် စစ်ကောင်စီက ရေနံမှော်ပတ် ဝန်းကျင်ရွာများကို စက်တပ်လေထီးများဖြင့် လာရောက် ကင်းထောက်ခဲ့သေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထား၍ ကျောက်ခွက်ရေနံမှော်ရှိ ဆုံကုန်းရွာဘုန်းကြီးကျောင်းတွင် ပြုလုပ်သည့် မင်္ဂလာဆောင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၀ ဦးကျော်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

#မကွေး #မြိုင် #ပေါက် #ကျေးရွာ #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #ပြည်သူ #သေဆုံး #စက်တပ်လေထီး #ကင်းထောက် #Ayeyarwaddy_Times