ဧရာဝတီတိုင်းမ်
မတ် ၃ ရက်

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှု ထမ်းစာရင်း လိုက်လံကောက်ယူနေသည့် ရာအိမ်မှူးနှင့်အဖွဲ့မီးရှို့ခံရ၍ ဆေးရုံတွင် ဆေးကုသနေစဉ် ဆယ်အိမ်မှူးအမျိုးသမီး ထပ်မံ သေဆုံးသွားကြောင်း သိရသည်။

မီးရှို့ခံရသူများအနက် ရာအိမ်မှူးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဆေးရုံတွင်ပင် သေဆုံးခဲ့ပြီး ယမန်နေ့ မတ် ၂ ရက်နေ့ ညနေပိုင်းတွင် ဆယ်အိမ်မှူးအမျိုးသမီး ထပ်မံသေဆုံးခဲ့ခြင်း ဖြစ်သည်။

“တစ်ခြမ်းလောင်သွားတဲ့ ဆယ်အိမ်မှူးမိန်းမ ဆေးရုံမှာ မချိမဆန့်သေသွားတယ်။ ပိုလောင်ထားတဲ့ အသားတွေက ကျက်သွားလို့ အသားတွေကို ခြစ်ချပြီး ဆေးထည့်ရတယ်။ အဲဒီမှာ အနာက ပိုးဝင်တာ”ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆေးရုံတွင် မီးလောင်ဒဏ်ရာများကို ဆေးကုသနေစဉ် ဒဏ်ရာများ ပိုးဝင်ပြီး ဆယ်အိမ်မှူးအမျိုးသမီးဖြစ်သူ သေဆုံးခဲ့ခြင်းဖြစ်ကာ ပထမသေဆုံးခဲ့သည့် ရာအိမ်မှူးနှင့် သေဆုံးချိန် လေးရက်သာ ကွာကြောင်းသိရသည်။

သေဆုံးသူ ဆယ်အိမ်မှူး ဒေါ်နှင်းသီတာမှာ ဆီးချို ရောဂါရှိနေပြီး ကုသနေသည့်အနာများမှာ မကျက်ဘဲ ပိုးဝင်ပြီး သေဆုံးခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ နှင့်နီးစပ်သူထံက သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကြည်စုရပ်ကွက်ရှိ ဓမ္မရိပ်သာလမ်းတွင် ရာအိမ်မှူးဦးအောင်မိုး ၊ ဆယ်အိမ်မှူး ဒေါ်နှင်းသီတာနှင့်အတူ အမျိုးသမီးငယ်တစ်ဦးတို့ စစ်မှုထမ်းရန် သန်း ခေါင်စာရင်းလိုက်လံ ကောက်ယူနေစဉ်၎င်းတို့ကို အမျိုးသားတစ်ဦးက ဓာတ်ဆီနှင့် ပက်ကာ မီးရှို့တိုက်ခိုက်ခဲ့သည်။

ထိုသို့ ဓာတ်ဆီလောင်းကာ မီးရှို့ခံရမှုကြောင့် ဒဏ်ရာ ပြင်းထန်ပြီး ဆေးရုံတွင် ဆေးကုသမှုခံယူစဉ် ရာအိမ်မှူးနှင့် ဆယ် အိမ်မှူးနှစ်ဦး စလုံး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရ သည်။

ထိုသို့ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီက ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်ကို ပုဒ်မ ၁၄၄ ထုတ်ကာ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီး စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ-စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူနေစဥ် ဓာတ်ဆီလောင်း မီးရှို့ခံခဲ့ရသည့် ဆယ်အိမ်မှူးအမျိုးသမီးကိုတွေ့ရစဥ်

#ရန်ကုန် #ဒေါပုံ #ကြည်စုရပ်ကွက် #ရာအိမ်မှူး #ဆယ်အိမ်မှူး #မီးလောင် #သေဆုံး #Ayeyarwaddy_Times