ဧရာဝတီတိုင်းမ်
မတ် ၃ ရက်

ဧရာ၀တီတိုင်း သာပေါင်းမြို့နယ်ရှိ သစ်တောများအတွင်းတွင် စစ်ကောင်စီနှင့် AAပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသောကြောင့် စစ်ကောင်စီလက်အောက်ခံ သစ်တောဌာန ဆင်စခန်းများကို ဖေဖော်ဝါရီလ နောက်ဆုံးပါတ်မှစတင်ပြီး နေရာရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။

“ဆင်တွေ တစ်နေ့ကို ဆယ်ကောင်ကျော်လောက် သာပေါင်းမြို့ကနေဖြတ်သွားတာတွေ့တယ်။ ဆင်ဦးစီးတွေရော မိသားစုတွေ အိုးခွက်ပန်းကန်တွေပါတယ်။ တောထဲမှာ တိုက်ပွဲတွေ ပိုဖြစ်လာတယ်လို့ယူဆရတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

သာပေါင်းတောတွင်းရှိ ဆင်စခန်း ၁၀ ခုမှ ဆင်အကောင်ရေတစ်ရာခန့်နှင့် မိသားစု၀င်များကို ငပုတောမြို့နယ် ငရုတ်ကောင်းဘက်ရှိ သစ်တောများသို့ ရွှေ့ပြောင်းနေခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ သစ်တော၀န်ထမ်းများထံမှ သိရသည်။

ဖေဖေါ်ဝါရီလအတွင်းကလည်း တိုက်ပွဲများဖြစ်ပွားသဖြင့် မကျီးဇင်-သာပေါင်းကားလမ်းတစ်လျောက် အနီးကျေးရွာများဖြစ်သည့် လှေကြီးတက်၊ ကြက်သွန်ကွင်းရွာနှင့် စက္ကူစက်ရုံအနီးသို့ တောဆင်ရိုင်းအုပ်များ ၀င်ရောက်လာသောကြောင့်ခြောက်လှန့်မောင်းထုတ်မှုများ ပြုလုပ်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ-သာပေါင်းမှ သစ်တောပိုင်ဆင်များပြောင်းရွှေ့နေပုံ
#သာပေါင်းမြို့နယ် #တိုက်ပွဲများကြောင့် #ဆင်စခန်းများ
#ပြောင်းရွှေ့ #Ayeyarwaddy-Times