မြဝတီ – ဝေါလေ သုံးထပ်ကွေ့တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်တစ်ဦးကျဆုံးကာ ၄ ဦး ဒဏ်ရာရ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၃ ရက်
ယနေ့ (ဩဂုတ်လ ၂၃ရက်နေ့) မနက် (၉) နာရီခန့်မှစတင်၍ စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ နည်းဗျူဟာ (၄၄၁)၏ တိုက်ခိုက်ရေး တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)၊ ခမရ (၁) တို့သည် လည်းကောင်း၊ လေ့ကေ့ကော်ဒေသရှိ ခမရ (၁၁၈)၊ ခမရ(၂) တို့သည် စစ်ကူ အဖြစ် လည်းကောင်း လက်ရုံးတပ်များဖြစ်သည့် အမြှောက်တပ်ရင်း၊
ဒုံးတပ်ရင်းများ၏ (၆၀)မမ၊ (၈၁) မမ၊ (၁၂၂)မမ ဟောက်ဝစ်ဇာအမြှောက်များ၊ (၈၄)မမ နှင့် MLRS အတွဲလိုက်ပစ် ဒုံးများဖြင့် တရစပ်၊ အပြင်းအထန် ပစ်ခတ်ကာ မြဝတီ-ဝေါ်လေ လမ်းမ အနီး ကော်ဘရာစစ်ကြောင်း လုံခြုံရေး ရယူထားသော နေရာများအား ကျူးကျော်ရန် ကြိုးစားလာခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
ယနေ့ မနက် (၁၀) နာရီ ခန့်တွင် စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းမှ Yak (130) အမျိုးအစား တိုက်လေယာဉ်လေးစီး၊ တောင်ငူ လေတပ်စခန်းမှ တိုက်လေယာဉ် တစ်စီးတို့ဖြင့် လည်းကောင်း၊ နေ့လည် (၃) နာရီ ဝန်းကျင်ခန့်တွင် မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် (၂) စီး အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများအား ကလက်စတာ ဗုံးများ၊ ပေါင် (၅၀၀)
ဗုံးများအမြောက်အမြားအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တစ်နေ့တာလုံး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေ (၄) နာရီခန့်တွင် တိုက်ပွဲငြိမ်သက်သွားခဲ့ကာ ကော်ဘရာစစ်ကြောင်းမှ ရဲဘော် (၁) ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၁ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ရဲဘော် ၃ ဦးမှာလည်း အသေးစား ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း အရေအတွက် အတိအကျကို စစ်မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးကြောင်း ကော်ဘရာစစ်ကြောင်းက ရေးသားဖော်ပြထားသည်။
#မြဝတီ #ဝေါ်လေ #ကော်ဘရာစစ်ကြောင်း #ကျဆုံး #ဒဏ်ရာရ
#Ayeyarwaddy_Times