
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ကျင်းပမည့် ရွေးကောက်ပွဲသည် ဖြစ်နိုင်ချေ အလွန်နည်းပါးပြီး လက်ရှိတွင် နိုင်ငံတဝန်း၌ စစ်မဖြစ်သေးသည့် မြို့နယ် ၉၀ မြို့နယ်သာ ကျန်ရှိတော့ဟု နိုင်ငံတကာ မြန်မာသတင်း (BNI)၊ မြန်မာ့ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ထံက သိရသည်။
နိုင်ငံတဝန်းရှိ မြို့နယ် ၃၃၀ ၏ ၂၇ ရာခိုင်နှုန်းသာ ရှိတော့သလို စစ်အာဏာသိမ်း လေးနှစ်အတွင်း မြို့နယ်ပေါင်း ၂၄၀ မြို့နယ်၌ တိုက်ပွဲပေါင်း ၅,၉၀၇ ကြိမ်ဖြစ်ပွါးခဲ့ကြောင်း ယနေ့ဖေဖော်ဝါရီ ၂၈ ရက် ပြုလုပ်သော စီရင်ခံစာ မိတ်ဆက်ပွဲတွင် BNI-Myanmar Peace Monitor က ဆိုသည်။
“ဒီနှစ်ထဲမှာ စစ်ရေးကသာ အရှိန်မြှင့်လာခဲ့ရင် စစ်မဖြစ်တဲ့ နေရာတွေက အခုထက်ပိုပြီး နည်းသွားနိုင်၊ ပိုကျုံ့သွားနိုင်တယ်။ အဲဒါဆိုရင် ရွေးကောက်ပွဲ လုပ်ဖို့အတွက်က ပိုပြီးတော့တောင် အလားအလာ နည်းသွားနိုင်တယ် ဆိုတာမျိုးကို တွေ့ရှိရတယ်” ဟု BNI ၏ မန်းနေးဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက မီဒီယာများကို ပြောသည်။
မဲစာရင်း အကြောင်းပြ၍ မတရားသဖြင့် အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ပြန်လည်ကျင်းပမည့် ၎င်းတို့ရွေးကောက်ပွဲကို ယခု ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း၌ အပိုင်းလိုက်ခွဲ၍ ပြုလုပ်မည်ဟု ပြောဆိုနေသော်လည်း တစ်ဖက်တွင်မူ တော်လှန်ရေး အင်အားစုများက စစ်ရေးတိုးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထိုကဲသို့ စစ်ကောင်စီက ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ကြိုးပမ်းနေခြင်းသည် နိုင်ငံရေး ထွက်ပေါက်ရှာမှုဖြစ်ပြီး နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုလည်း ရယူလိုသောကြောင့် တရုတ်၊ ရုရှားအပါအဝင် ၎င်းတို့အား ထောက်ခံကူညီနေသော နိုင်ငံများထံ တွေ့ဆုံချဉ်းကပ်လျက်ရှိကြောင်း သိရသည်။
သို့သော် စစ်ခေါင်းဆောင်များကို ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်ဖြင့် အာဂျင်တီးနားနိုင်ငံ တရားရုံးက ယခုလ ဒုတိယပတ်အတွင်း ဖမ်းဝရမ်း ထုတ်လိုက်သဖြင့် ရွေးကောက်ပွဲမှတဆင့် ထွက်ပေါက်ရှာ၍ နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူလိုသော ၎င်းတို့အတွက် ပိုမိုခက်ခဲ၊ အဟန့်အတား ဖြစ်စေနိုင်ကြောင်း BNI က သုံးသပ်သည်။
“စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲအစီအစဉ်ဟာ အခုထိ ရှင်းရှင်းလင်းလင်း မတွေ့ရသေးဘူး။ အချက်အလက်အရဆိုရင်လည်း ၂၀၂၅ မှာ မသေချာသလို ၂၀၂၆ မှာ ကျင်းပလိမ့်မယ်လို့လည်း အသေအချာ မပြောနိုင်ဘူး။ ဘာလို့ဆို အခင်းအကျင်းတွေက အမြဲပြောင်းနေလို့ပဲ” ဟု BNI-MPM မှ Coordinator ကိုနှင်းကိုက ပြောသည်။
စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲအား မဖြစ်မနေ ကျင်းပမည်ဆိုလျှင် အလွန်ကျဉ်းမြောင်းသော မဲဆန္ဒနယ် အရေအတွက်ကိုပင် တင်းပြည့်ကျပ်ပြည့် ပြုလုပ်နိုင်ဖွယ် မရှိကြောင်း BNI-Myanmar Peace Monitor ၏ “ရွေးကောက်ပွဲအသစ် ဖြစ်တန်ချေနှင့် တော်လှန်ရေး၏ လားရာ” အထူးသုံးသပ်ချက် အစီရင်ခံစာအရ သိရသည်။
ယင်းအပြင် နွေဦးတော်လှန်ရေး အင်အားစုများ၏ ဟန့်တားနိုင်ချေကိုလည်း စောင့်ကြည့်ရမည်ဖြစ်ပြီး လက်ရှိတွင် မြို့ပေါင်း ၉၅ မြို့ကို တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထားသလို နယ်မြေဒေသအလိုက် စစ်ကောင်စီ လက်အောက်ခံ တပ်များအား စစ်ရေးအရ ဖိအားပေးလျက်ရှိကြောင်း သိရသည်။
#စစ်ကောင်စီ #ရွေးကောက်ပွဲ #ဖြစ်နိုင်ချေ အလွန်နည်းပါး #စစ်မဖြစ်သေးသည့်မြို့နယ် #၉၀မြို့နယ်သာကျန်ရှိ #Ayeyarwaddy_Times