
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်
ထိုင်းနိုင်ငံတွင် ထိုင်းရဲချုပ်၏ အမိန့်ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ၇ ရက်တာ တရားမဝင်နေထိုင်သူများကို ဖမ်းဆီးရေးစီမံချက်အတွင်း နိုင်ငံခြားသား အရေအတွက် ၉၅၃၂ ဦးကို ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
အဆိုပါ ၇ ရက်တာ ဖမ်းဆီးရေးစီမံကိန်းတွင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ နှင့် တရားမဝင် ဝင်ရောက် နေထိုင်မှုများပါဝင်ပြီး ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ၄၈၇၉ ဦးအထိပါဝင်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
စီမံကိန်း ၇ ရက်တာကာလအတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများတွင် တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ၊ နယ်စပ်ဖြတ်ကျော်ချိန်တွင် ဖမ်းဆီးခံရသူများ၊ ထိုင်းဥပဒေနှင့် မညီသည့် အလုပ်လုပ် ကိုင်သူများ ပါဝင်ကြောင်း သိရသည်။
“အခုဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား တွေက စီမံကိန်းထဲမှာ ဖမ်းခံရတာဆိုတော့ သူတို့ကို မြန်မာကို တိုက်ရိုက်ပြန် မပို့သေးဘဲ သက်ဆိုင်ရာထောင်တွေထဲမှာ ဖမ်းဆီးထားတယ်။ ပြီးရင်သက်ဆိုင်တဲ့ ပုဒ်မအလိုက် တရားစွဲဆိုမှုတွေ ရှိဦးမယ်။ ဒါပေမယ့် ၅၀၀၀ နီးပါးလုံးကိုတော့ တရားစွဲမလား ငွေနဲ့ပဲညှိပြီး ပြန်လွှတ်တာမျိုးလဲ ရှိမလားတော့ မပြောတက်ဘူး” ဟု အေအေစီကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စီမံကန်းအတွင်း ဖမ်းဆီးခံရသူများမှာ တရားမဝင်ခိုးဝင်နေထိုင်မှုဖြင့် ၆၂၃၉ ဦး၊ ဝရမ်းဖြင့်ဖမ်းဆီးခံရသူ ၂၀၇ ဦး၊ ဗီဇာရက်လွန်နေထိုင်သူ ၈၇၅ ဦး၊ ခွင့်ပြုထားသည့် ပါမစ်ရုပ်သိမ်းခံထားရသူ ၁၂၀ ဦး၊ တရားမဝင်အလုပ်လုပ်ကိုင်သူ ၄၆၃ ဦးနှင့် အခြားအကြောင်း အရင်းများကြောင့် ဖမ်းဆီးခံရသူ ၁၆၂၈ ဦးတို့ အသီးသီးဖြစ် ကြောင်းလည်း သိရသည်။
ဖမ်းဆီးခံရသည့် နိုင်ငံခြားသားများမှာ မြန်မာနိုင်ငံသား ၄၈၇၉ ဦးအပြင် ထိုင်းနိုင်ငံသား ၅၆၄ ဦး၊ လာအိုနိုင်ငံသား ၁၆၉၉ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၁၃၇၆ ဦး၊ ဗီယက်နမ်မှ ၁၀၃ ဦး နှင့် အခြားနိုင်ငံသား ၉၁၁ တို့ဖြစ်ကြောင်း သိရသည်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ ရဲချုပ်မှ နိုင်ငံဖြတ် ကျော်ရာဇဝတ်မှူများနှင့် တရားမဝင်ဝင်ရောက်နေထိုင်မှု များကို တင်းတင်းကျပ်ကျပ် အရေးယူစုံစမ်းရန် ညွှန်ကြားမှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ဖမ်းဆီးခံခဲ့ရပြီး နောက် ပြစ်ဒဏ်ကျခံပြီးသည့် အမျိုးသမီး နှစ် ဦး အပါအဝင် မြန်မာနိုင်ငံသား ၂၀၀ ဦးကို ရနောင်း မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ထိုင်းအာဏာပိုင်များက ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
#မြန်မာနိုင်ငံသား #ဖမ်းဆီးခံရ #တရားမဝင် #ထိုင်းရဲချုပ် #Ayeyarwaddy_Times