စစ်တိုင်းမှူးပြောင်းလဲပြီး ပထမဆုံးထိုးစစ်အဖြစ် တိုက်လေယာဥ် ၅ စီးနဲ့ သုံးထပ်ကွေ့ကိုထိုးစစ်ဆင်၊ နှစ်ဖက် တိုက်ပွဲပြင်းထန်နေ

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၃ ရက်

ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီ-ဝေါလေ သုံးထပ်ကွေ့မှာ ဒီကနေ့မနက်ပိုင်းကစလို့ KNLA၊PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မြေပြင်ကလည်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို တိုက်လေယာဥ်နဲ့တိုက်ခိုက်ရေးရဟတ်ယာဥ် ၅ စီးလောက်အသုံးပြုတိုက်ခိုက်နေတာလို့ဒေသခံတဦးကပြောပါတယ်။

” မနက် ၁၀ နာရီလောက်ကစတိုက်ပွဲပြင်းထန်လာတယ်။ လက်နက်ကြီးသံတွေကြားရတယ်။အဲ့ဒီနောက် လေယာဥ်တွေ၊ရဟတ်ယာဥ်တွေ ပျံပြီးဗုံးကျဲချတယ်၊ ဒီညနေ ၄ နာရီလောက်ထိ လေယာဥ် တခေါက်လာရင် ၄ စီး၊ ၅စီးလောက်လာပြီး ကျဲတယ်၊ ဒီ ၄ နာရီ နောက်ပိုင်းမှာတော့ လက်နက်ကြီးသံ၊လေယာဥ်သံတော့သိပ်မကြားတော့ဘူး” လို့ ဒေသခံအမျိုးသမီးတဦးက

ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကိုစစ်ရေးကွပ်ကဲတဲ့ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) စစ်တိုင်းမှူးအသစ် ဗိုလ်ချုပ် မြတ်သက်ဦး သြဂုတ်လ ၁၉ ရက်နေ့ကပြောင်းရွှေ့လာပြီးနောက် ပြင်းထန်တဲ့ထိုးစစ်အဖြစ် မြေပြင်တပ်တွေနဲ့ တိုက်လေယာဥ် ၅ စီးတပြိုင်တည်းအသုံးပြုတိုက် ခိုက်လာတာဟာ ပိုမိုပြီး

ထိုးစစ်ပြင်းထန်လာဖို့ရှိတယ်လို့ CDM တပ်မတော်သားတဦးကသုံးသပ်ပြောဆိုပါတယ်။

” ရတခ ကို တိုင်းမှူးအသစ်ချိန်းလိုက်တယ်ပေါ့၊ အရင် မပခတိုင်းမှူးကို ပို့လိုက်တာပေါ့။ စရောက်ကာစလည်းဖြစ်တယ် ရှေ့ရက်က ပွဲတွေမှာလည်းခံထားရတော့ အပြင်းအထန်ထိုးစစ်စတာပေါ့။ အဲ့ဒီလိုပိုပြီးပြင်းထန်လာစေချင်လို့ကို အသစ်ပို့ပြီးကိုင်ခိုင်းတာ။ ရှေ့ဆက်ထိုးစစ်ဆင်တာနဲ့လေကြောင်းသုံးတာတွေပိုများလာနိုင်တယ် ”

လို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်

ဒီကနေ့မှာ ​နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်းထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်းမထုတ်ပြန်သေးသလို အတည်မပြုနိုင်သေးပါဘူး။

သြဂုတ်လ ၁၉ ရက် နဲ့ သြဂုတ်လ ၂၂ ရက်နေ့ သုံးထပ်ကွေ့ တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်ဘက်က ၉ ဦးသေဆုံးပြီး ကော်ဘရာဘက်က ၁ ဦးကျဆုံးခဲ့ကာ စစ်ကောင်စီတပ်ရဲ့ ခမရ ၁၀၂ တပ်ရင်းက စစ်ကောင်စီတပ် ဖွဲ့ဝင်၂ ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီး နှစ်ဖက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ ကော်ဘရာဘက်ကထုတ်ပြန်ထားပါတယ်။

#Ayeyarwaddy_Times