အမေရိကန်က ယူကရိန်းသို့ အသေခံတိုက်ခိုက်ရေးဒရုန်း ၁၀ စင်း ထောက်ပံ့မယ်

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၃ ရက်

အမေရိကန်စစ်တပ်က လာမည့် ရက် ၃၀ တွင်း ယူကရိန်းသို့ အသေခံဒရုန်းအဖြစ် လူသိများတဲ့ ကာမီကာ ဇေလို့ခေါ်တဲ့ မောင်းသူမဲ့လေယာဉ် ၁၀ စင်း ထောက်ပံ့မယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရအမျိုးသမီး ဂျက်ဆီကာ မတ်ဇ်ဝဲက ကာကွယ်ရေးဂျာနယ် Defense News ကို ပြောပါတယ်။

AeroVironment ကုမ္ပဏီက အဆိုပါဒရုန်းတွေကို ထုတ်လုပ်မှာဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။ ဒီဒရုန်း တွေက ကင်းထောက်လှမ်းမှုနဲ့ တိုက်ခိုက်တာကို တစ်ချိန်တည်းမှာ လုပ်ဆောင်နိုင်ပြီး ရုရှားတပ်ဖွဲ့တွေကလည်း အဆိုပါဒရုန်းတွေကို ခြေရာခံဖို့ အီလက်ထရောနစ်ကိရိယာတွေ အသုံးပြုနေရတယ်လို့ သိရပါတယ်။

ကာမီကာဇေ ၃၀၀ အမျိုးအစားက အလေးချိန် ၅ ဒသမ ၅ ပေါင်ရှိပြီး ၁၀ ကီလိုမီတာ အကွာအဝေးအထိ ၁၅ မိနစ်ကြာ ပျံသန်းနိုင်ပြီး ကာမီကာဇေ ၆၀၀ အမျိုးအစားက ကီလိုမီတာ ၄၀ အထိ မိနစ် ၄၀ ကြာ ပျံသန်းနိုင် တယ်လို့ AeroVironment ကုမ္ပဏီက ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့က အဆိုပါဒရုန်းတွေသာ ရရှိပါက ရုရှားတပ်ဖွဲ့ရဲ့ သံချပ်ကာယာဉ်တွေနဲ့ အမြောက်ကြီး တွေရဲ့ တည်နေရာကို အတိအကျ ထောက်လှမ်းကာ ဖျက်ဆီးနိုင်မယ်လို့ Center on Military and Political Power မှ ညွှန်ကြားရေးမှူး ဘရတ်ဒလေဘိုးမန်းက ပြောပါတယ်။

မကြာသေးမီကလည်း အမေရိကန်က ယူကရိန်းသို့ ဒေါ်လာ ၇၇၅ သန်းတန်ကြေးရှိ စစ်လက်နက်တွေ ထောက်ပံ့ခဲ့ပြီး အဲဒီအထဲမှာ HIMARS ဒုံးပစ်စနစ်တွေ၊ ဟောင်ဝှစ်ဇာအမြောက် ၁၆ လက်၊ တင့်ကားဖျက်စနစ်တွေ ပါဝင်ပါတယ်။

အမေရိကန်က ယူကရိန်းသို့ ရေဒါဖျက်စနစ်တွေ၊ ScanEagle ထောက်လှမ်းရေးဒရုန်း ၁၅ စင်း၊ မိုင်းရှင်း စက်ပါရှိသော သံချပ်ကာယာဉ် အစင်း ၄၀၊ ဖောက်ခွဲရေးပစ္စည်းတွေ၊ ညကြည့်ကိရိယာတွေကို လွှဲပြောင်းပေးဖို့ ရည်ရွယ်ပါတယ်။

ကိုးကား – Interfax News

Ref; USA to supply Ukraine with 10 Switchblade 600 kamikaze drones within month – Pentagon