ကျိုက်လတ်မြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဗုံးဖောက်ခွဲခံရ
နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ကျိုက်လတ်)၊ သြဂုတ်လ ၂၃ ရက်
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုမှာ ယနေ့ သြဂုတ်လ၂၃ရက်နေ့ မနက်၅နာရီခွဲအချိန်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနက်အစောကြီးပေါက်တာ အဝေးထိန်းစနစ်နဲ့ခွဲလိုက်တဲ့ပုံပဲ။ လူသွားလူလာသိပ်မရှိဘူး စစ်သားနဲ့ရဲတွေတော့ ရှိနေတယ်။ ဘယ်သူတွေထိခိုက်မိလဲတော့မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဗုံးခွဲတိုက်ခိုက်ခံရတဲ့ စစ်ဆေးရေးဂိတ်ဟာ ကျိုက်လတ်မြို့မှ မအူပင်မြို့ဘက်သို့သွားရာလမ်းပေါ်က လှည်းဆိပ်စစ်ဆေးရေးဂိတ်ဖြစ်ပြီး နေ့စဥ်ခရီးသွားပြည်သူတွေကို တရားငွေကြေးတောင်းယူခြင်း၊ ခြိမ်းခြောက်ပြောဆိုခြင်းများပြုလုပ်နေတဲ့ စစ်ကောင်စီတပ်သားများစခန်းချနေထိုင်လေ့ရှိတဲ့ စစ်ဆေးရေးဂိတ်ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ရဲများက ကျိုက်လတ်မြို့အဝင်အထွက်လမ်းများအား ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေတယ်လို့ သိရပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုကို ကျိုက်လတ်ပကဖ နဲ့ ကျိုက်လတ်ဧရာဗေဒါအဖွဲ့တို့ ပူးပေါင်းဖောက်ခွဲခဲ့တာဖြစ်ပြီး အဖွဲ့သားအားလုံးအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
#ကျိုက်လတ် #စစ်ကောင်စီ #စစ်ဆေးရေးဂိတ် #ဗုံးပေါက်ကွဲ
#Ayeyarwaddy_Times