
နိုရာ၊မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်
လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာချိန်မှာ လေးနှစ်ကြာတိုင်တဲ့အထိ ဘဝတွေရင်းထားပြီး တိုင်းပြည်ရဲ့ အနာဂတ်အတွက် ပါဝင်ခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement – CDM) တွေရဲ့ အခန်းကဏ္ဍဟာ တချို့သူတွေနဲ့ အဖွဲ့အစည်းတွေရဲ့ကြားမှာ အလေး ထားစရာမလိုတဲ့ အခြေအနေတွေအဖြစ် မျက်ကွယ်ပြုခံနေရပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေ CDM လုပ်ခါစက ကြွေးကြော်ခဲ့ကြတဲ့ ” ပြည်သူတွေက ကျွေးထားမှာပါဆိုတဲ့” ကြွေးကြော် သံဟာလည်း အာဏာသိမ်းနှစ်ကာလ ရှည်လာတာနဲ့အမျှ အားပျော့လို့ သွားခဲ့ပါပြီ။
၂၀၂၁ ခုနှစ် အာဏာသိမ်းကာလကနေ စစ်တမ်းများအရ ၂၀၂၃ ခုနှစ် အောက် တိုဘာလ ၅ ရက်မှာ ပညာ ရေးဝန်ထမ်းတွေ CDM လုပ်ခဲ့တာ ၁၃၀၀၀၀ ကျော်ရှိခဲ့ပြီး ဝန်ထမ်းတွေသာမက CDM လုပ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူအရေအတွက်ဟာလည်း တစ်နိုင်ငံလုံးမှာ ၅၀ ရာခိုင်နှုန်းကျော် ရှိနေတာလည်း ဖြစ်ပါတယ်။
တပည့်ဟာ ဆရာကိုကြည့်တာပါ။ ပညာရေးဝန်ထမ်းတွေဟာ အင်အားကောင်းကောင်းနဲ့ နိုင်ငံအာဏာ သိမ်းခံရချိန်မှာ CDM လုပ်ပြီး တော်လှန် ရေးမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ရဲရဲတောက်ပါဝင်ခဲ့ပြီး စစ်ကောင်စီက ကျောင်းပြန်တက်ဖို့ အကြိမ်ကြိမ်ဆင့်ခေါ်စာပို့ခဲ့တာတောင် CDM ပညာရေးဝန်ထမ်းတွေ ဟာ တော်လှန်ရေးကိုပဲ ရှေ့ရှုခဲ့ပါတယ်။
အာဏာသိမ်းစကတည်းက ဘယ်သူ့အထောက်အပံ့မှ မရခဲ့တဲ့ ဝန်ထမ်းတွေထဲမှာ ပညာရေး ဝန်ထမ်းတွေလည်း သိန်းနဲ့ချီရှိနေပါတယ်။ အဲဒီထဲမှာ တက္ကသိုလ်ကျောင်းဆရာမဖြစ်သူ မနုစံပယ် တစ်ယောက်လည်း အပါအဝင်ပါ။
မနုစံပယ်ဟာ အလုပ်ကနေ CDM လုပ်ပြီးနောက် ကွန်တိန်နာကျ လေဘေးထည်တွေကို ဝယ်ယူပြီး တစ်ဆင့်ပြန်ရောင်းတဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။
“အလုပ်ထွက်လိုက်ပြီး ဘာမှလုပ်မစားတတ်ဘူး။ အဆက်အသွယ်ကမရှိတော့ ထောက်ပံ့ကြေးလည်း ဘယ်သူ့ဆီကမှ မရဘူး။ အဲဒါ ရှိတဲ့ရွှေလေးရောင်းပြီး ကွန်တိန်နာကျအထည်တွေကို အွန်လိုင်းကနေ ရောင်းတယ်။ မိတ်ဆွေလည်း သိပ်မရှိတော့ တစ်နေ့လုံးနေမှ တစ်ထည်တောင်မရောင်းရဘူး။ အဲဒါနဲ့ ရပ်ကွက်ဈေးထဲမှာ သွားပုံရောင်းရတယ်”လို့ မနုစံပယ်က ပြောပါတယ်။
တစ်သက်လုံး စာသင်ကြားတဲ့အလုပ်သာ လုပ်ခဲ့တဲ့ မနုစံပယ်ဟာ ဈေးထဲမှာ လေဘေးထည်ကို ပုံရောင်း နေရပေမယ့် အရောင်း အဝယ်မလုပ်တတ်တာကြောင့် အရောင်းလည်း မသွက်ခဲ့ပါဘူး။
အဲဒီအလုပ်နဲ့ အိမ်ရဲ့စီးပွားရေးကို ကျားကန်နေရပြီး ကျောင်းနေအရွယ် သားတစ်ယောက်နဲ့ CDM လုပ်ထားတဲ့ ခင်ပွန်းသည်တို့အတွက် မနုစံပယ်ကပဲ အိမ်ထောင်ဦးစီးလုပ်နေခဲ့ရပါတယ်။
“အလုပ်စလုပ်တတ်တဲ့အချိန်မှာ လုပ်ခဲ့တဲ့အလုပ်က သင်ကြားရေးအလုပ်။ အဲဒီအလုပ်ကလွဲပြီး တခြားဟာ ကျွန်မ မလုပ်တတ်ဘူး။ အငတ်ဘေးဆိုက်မှာစိုးလို့သာ ဒီဈေးရောင်းတဲ့အလုပ်ကို ရွေးချယ် ခဲ့ရတာ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပေမယ့် တက္ကသိုလ်ဆရာမ ဘဝကနေ လမ်းဘေးဈေးသည်ဘဝကို ချက်ချင်းရောက်သွားတာဆိုတော့ ကျွန်မနည်းနည်းတော့ ရှက်ပါတယ်”လို့ မနုစံပယ်က ပြောပါတယ်။
တခြားဝန်ထမ်းတချို့ နည်းမျိုးစုံနဲ့ စစ်ကောင်စီလက် အောက်ပြန်ရောက်သွားကြတာ ရှိနေပေမယ့် မနုစံပယ်ကတော့ ချို့ငဲ့နေတဲ့ကြားက သူ့ခံယူချက်နဲ့ တော်လှန်ရေးအပေါ်ထားတဲ့ စိတ်ဓာတ်ကို မယိမ်း မယိုင် ထိန်းသိမ်းထားဆဲပါပဲ။
မနုစံပယ်ဟာ သူကိုယ်တိုင် CDM လုပ်ခဲ့တဲ့အပြင် အသက် ၁၁ နှစ်သာရှိသေးတဲ့ သူ့ရဲ့သားငယ်လေး ကိုလည်း စစ်ကောင်စီကျောင်းကိုမထားဘဲ ကိုယ်တိုင်ပဲ အိမ်မှာ စာသင်ပြီး CDM လုပ်ခိုင်းခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဖွင့်လှစ်တဲ့ အွန်လိုင်းပညာရေးကျောင်း ၇၀ ရှိ တယ်ဆိုပေမယ့် လက်ရှိရနေတဲ့ မီးပေးဝေမှုစနစ်နဲ့ သင်ကြားရေးအတွက် လိုအပ်တဲ့ ကွန်ပျူတာ၊ ဖုန်း၊ အင်တာနက် ဝန်ဆောင်ခ စတာတွေကို ထပ်ရင်းဖို့ မတတ်နိုင်တဲ့အတွက် မနုစံပယ်ဟာ သားငယ်ဖြစ်သူကို NUG ကျောင်းတွေမှာ မထားနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
“ကျွန်မတို့ဟာ တော်လှန်ရေးအစကနေ အခုထိ မပျက်ယွင်းတဲ့စိတ်ဓာတ်နဲ့ ရှေ့ကိုချီနေဆဲပါ။ ကျွန်မတို့လုပ်ရပ်ဟာ တော်လှန်ရေးမှာ အရေးမပါခဲ့ဘူးလား။ ကျွန်မတို့ CDM မလုပ်လည်း တော်လှန်ရေးအရွေ့က မပျက်ခဲ့ဘူးလား၊ အာဏာရှင်စနစ်ဟာ ကျွန်မတို့ CDM တွေ တွန်းလို့ မရွေ့ခဲ့ဘူးလား၊ ကျွန်မတို့ မပါလည်း ဖြစ်တဲ့ ပွဲလို့ ဆိုချင်ကြသူတွေ ရှိပါတယ်။ ကျွန်မတို့ ဘဝနဲ့ရင်းပြီး ဒီတိုက်ပွဲကို နိုင်အောင်တိုက်ဖို့ ပါဝင်ခဲ့တာပါ” လို့ မနုစံပယ်က သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟဆိုပါတယ်။
မနုစံပယ်လိုပဲ CDM ပါမောက္ခတစ်ဦးဖြစ်သူ ဒေါ်မော်မော်ဟာလည်း အာဏာစသိမ်းကတည်းက မည်သည့် အထောက်အပံ့ကိုမှ ရရှိခဲ့ခြင်းမရှိဘဲ ဆင်းရဲချို့ငဲ့စွာ ဘဝကို ကျားကန်နေရပါတယ်။
ဒေါ်မော်မော်ဟာ ပါမောက္ခတစ်ယောက်အနေနဲ့ တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပင်စင် ယူရန် လပိုင်းအလိုမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ဒေါ်မော်မော်ဟာ တစ်ဘဝလုံးစာ ပေးဆပ်ထားတဲ့ ပညာရေးလောကကနေ ပြည်သူ့အတွက် CDM လုပ်ပြီး ရဲဝံ့စွာနဲ့ အနားယူခဲ့ တာပဲဖြစ်ပါတယ်။
အသက် ၆၀ ရှိပြီဖြစ်တဲ့ ဒေါ်မော်မော်ဟာ နှစ် ၃၀ နီးပါး စာသင်ကြားခြင်းအလုပ်ထဲမှာ ဘဝကို နစ်မြုပ်ထားခဲ့တာမို့ ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်သွားချိန်မှာ တခြားလုပ်ငန်းလုပ်ကိုင်ဖို့ မလွယ်ကူ ခဲ့ပါဘူး။
CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် ကိုယ်ပိုင်ကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ သင်ကြားရေးဝန်ထမ်းအဖြစ် ပြန်လည်ပြီး တာဝန်ထမ်းဆောင်ဖို့အတွက် အခွင့်အရေးလည်း မရှိခဲ့ပါဘူး။
စစ်ကောင်စီဟာ ပြင်ပကျောင်းတွေမှာ CDM ဝန်ထမ်းတွေ ဝင်ရောက်လုပ်ကိုင်တာကို အပြင်း အထန်တား မြစ်ထားပြီး ကျောင်းကကူညီပြီး ခန့်အပ်မှုတွေရှိခဲ့ရင်လည်း ကျောင်းတွေကို အပြီးတိုင် ပိတ်သိမ်းတဲ့အထိ အရေးယူမှုရှိတာကြောင့် ဒေါ်မော်မော်တို့လို CDM ဝန်ထမ်းတွေကို ပြင်ပ ပညာသင်ကြားရေးတွေကလည်း လက်မခံခဲ့ကြပါဘူး။
“နှစ် ၃၀ လုံး ဒီစာသင်တဲ့အလုပ်ကလွဲပြီး ဘာကိုမှမလုပ်ခဲ့တာ။ ကျွန်မဘာလုပ်တတ်မလဲ၊ သူငယ်ချင်း တွေက တစ်လတစ်သောင်း၊ နှစ်သောင်း မုန့်ဖိုးပေးတာလေးနဲ့ မသေထမင်းစားပြီး ရပ်တည်နေရတယ်။ ကျွန်မတို့ကို ပြည်သူတွေက မေ့သွားပြီလား။ ကျွန်မ ကို နောင်တရလားမေးရင် မရဘူး။ မှန်တဲ့လမ်းကို ရွေးခဲ့တာလို့ပဲ ကျွန်မဖြေပါမယ်”လို့ ဒေါ်မော်မော်က ပြောပါတယ်။
ပညာရေး ပါရဂူဘွဲ့ရထားတဲ့ ဒေါက်တာယွန်းဟာလည်း CDM တက္ကသိုလ်ဆရာတစ်ဦးဖြစ်ပြီး အာဏာ သိမ်းမှုမှာ သူ့ရဲ့မိသားစုဘဝ ပညာရေး၊ အလုပ်အကိုင် အားလုံးကို စွန့်လွှတ်ပြီး တော်လှန်ရေးထဲကို ခြေစုံပစ်ဝင်ခဲ့သူပါ။
ကောလင်းမြို့မှာ နေထိုင်တဲ့ ဒေါက်တာယွန်းဟာ ရန်ကုန်မှာ တာဝန်ကျရာကနေ CDM လုပ်ပြီးတော့ မွေး ရပ်မြေ ကောလင်းမြို့မှာ ပြန်လည်အခြေချနေထိုင်ခဲ့ပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဖေဖော်ဝါရီမှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ ကောလင်းမြို့ကို ပြန်သိမ်းပြီးတဲ့အခါမှာတော့ တစ်မြို့လုံးမီးရှို့ဖျက်ဆီးခံရတာကြောင့် ဒေါက်တာယွန်းတို့လည်း ကချင် ပြည်နယ် ထဲကို စစ်ဘေးရှောင်ခဲ့ရပါတယ်။
ဒေါက်တာယွန်းရဲ့ မိခင်ဖြစ်သူဟာ စစ်ရှောင်ရင်း ဆုံးပါးသွားခဲ့ပြီး မဆုံးပါးခင်မှာလည်း သားအမိနှစ် ယောက်ဟာ အထောက်အပံ့တစ်စုံတရာ မရရှိခဲ့ဘဲ ခြံဝန်းထဲမှာ ငရုတ်သီးစိုက်ရင်း အာဏာသိမ်း ကာလတွေကို ပင်ပန်းကြီးစွာ ဖြတ်ကျော်ခဲ့ရတာပဲ ဖြစ်ပါတယ်။
မိခင်လည်းဆုံးပါး၊ နေအိမ်လည်း မီးရှို့ခံရ၊ စီးပွားရေး လည်း ဘာတစ်ခုမှမရှိတော့တဲ့ ဒေါက်တာယွန်းဟာ သူနဲ့ ရင်းနှီးတဲ့ ကချင်ပြည်နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ခက်ခဲစွာ နေထိုင်နေရပြီး ကလေးတွေကို အခမဲ့စာပြတဲ့အလုပ်ကို လုပ်ကိုင်နေရပါတယ်။
CDM မှာ ပါဝင်ပြီး အလုပ်ထုတ်ခံထားရတဲ့ သူတို့တွေဟာ ဒီအခြေအနေမှာ တခြားအလုပ်တစ်ခု ရရှိဖို့ ခဲရင်းနေပေမယ့် အခုလိုအခက်အခဲတွေကြားမှာပဲ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုကို ဆက်လုပ်ရင်း ပြည်သူကိုချစ်တဲ့ ဝန်ထမ်းတွေအဖြစ် ဆက်လက်ရပ်တည်နေကြဆဲပါ။
“အာဏာရှင်ကြောင့် အိမ်လည်းမရှိတော့ဘူး။ အမေလည်းမရှိတော့ဘူး။ မိသားစုဆိုတာလည်း ဘယ်မှာမှန်းမသိတော့ဘူး။ ရောက်နေတဲ့နေရာမှာ ကျွန်မကြိုးစားခဲ့တဲ့ ဘွဲ့ဒီဂရီတွေဟာလည်း ဘာမှအသုံးချလို့မရဘူး။ ကျွန်မတို့ တော်လှန်ရေးမှာပါဝင်ခဲ့ပါတယ်။ ပါလည်းပါဝင်နေဦး မှာပါ။ ဒါပေမဲ့ ကျွန်မတို့ကို မေ့မသွားစေချင်ပါဘူး”လို့ CDM လုပ်ရင်း တစ်ဘဝလုံးပေးဆပ်ခဲ့သူ ဒေါက်တာ ယွန်းက ဆိုပါတယ်။
#ကျွန်မတို့ကိုမေ့သွားပြီလား #အမျိုးသမီးကဏ္ဍဆောင်းပါး #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေ သည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)