ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ခွေးကုပ်အုပ်စု၊ အနန်းကုန်းရွာ ဘုန်းကြီး ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီအင်အား ၁၀၀ ကျော်သည် ကျေးရွာအတွင်း ငွေကြေးများကောက်ခံ၍ သောက်စားနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၇၀ ခန့်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရိက္ခာများဖြင့် ပြောင်းရွှေ့လာပြီး ခလရ ၃၀၈ မှ အင်အား ၅၀ ခန့် ထပ်မံရောက်ရှိလာကာ ကျေးရွာအတွင်းမှ ကောက်ခံရရှိသည့်ငွေများဖြင့် သောက်စားနေကြကြောင်း ‌သိရသည်။

“တစ်ဆိုင်ကို တစ်သိန်းကောက်နေတာ။ စီးပွားရေးတွေ ခက်ခဲနေတဲ့ကြားက ပေးရတယ်။ ရွာထဲမှာ‌ တပ်လာစွဲတော့ စစ်ရေးရောက်လာမှာလည်း စိုးရိမ်နေကြတယ်။ ပိုက်ဆံကောက်ပြီး သောက်စား နေကြတာ။ အရင်အုပ်ကြီးတုန်းက အဲဒီလိုတွေမလုပ်ဘူး။ အခုတက်လာတဲ့ အုပ်ကြီးအသစ်က ယုတ်မာနေတာ”ဟု သာပေါင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။

စစ်ကောင်စီတပ်သားများသည် အနန်းကုန်းရွာ ဘုန်းကြီးကျောင်းနှင့် ရွာပြင်ဘုရားတို့တွင် နေရာခွဲ၍ တပ်စွဲနေ ထိုင်နေကြပြီး သင်တန်းဆင်း သက်ငယ်စစ်သားများကို ရွာအတွင်းသို့ အရပ်ဝတ်များဖြင့် အရက်သေစာထွက်ဝယ်ခိုင်းကြောင်း သိရသည်။

ခွေးကုပ်အုပ်စုပိုင် ယာယီအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းသည် စစ်ကောင်စီတပ်ဖွဲ့များ လာရောက် တပ်စွဲသည့် နေ့မှစ၍ စစ်တပ်စားစရိတ်ဟုဆိုကာ ဈေးဆိုင်များမှ တစ်ဆိုင်လျှင် ကျပ်တစ်သိန်းအထိ ကောက်ယူနေကြောင်း သိရသည်။

အနန်းကုန်းရှိ စစ်ကောင်စီအင်အားစုကို ရှေ့တန်းအပို့ခံရ၍ ထွက်ပြေးသည့် ခလရ-၁၁ မှ တပ်ရင်းမှူးဦးဆောင်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း လက်နက်များ ပြကာ သွားလာနေကြသည့်အတွက် ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

#ဧရာဝတီတိုင်း #သာပေါင်း #အနန်းကုန်း #စစ်ကောင်စီ #တပ်စွဲ #ဒေသခံများ #ပိုက်ဆံကောက်ယူ #သောက်စား #Ayeyarwaddy_Times