ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်များ(EROs)နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ(PDF) ထိန်းချုပ် ထားသောဒေသများတွင် သယံဇာတထုတ်ယူသုံးစွဲမှုများရှိနေပြီး ထိုသို့လုပ်ဆောင်ခြင်းသည် နိုင်ငံတော်မြေနှင့်ရေပေါ်ရေအောက် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းများကို ဥပဒေမဲ့ ထုတ်ယူသုံးစွဲနေခြင်းဖြစ်၍ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်မှုများ ပြုလုပ်ကာ ထုတ်ပြန်ထားသည်။

နိုင်ငံတော်ပိုင်သယံဇာတများကိုထုတ်ယူပါကအရေးယူမည်ဖြစ်ကြောင်းကို ဖေဖော်ဝါရီ ၂၀ ရက်မှ စတင်၍ ယနေ့ ၂၃ ရက်နေ့အထိ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် နေ့စဉ်ဖော်ပြလျက်သည်။

နိုင်ငံတော်အတွင်းရှိ ဒေသအချို့တွင် ဖြစ်ပေါ်နေသောအခြေအနေများကို အခွင့်ကောင်းယူကာ မတော် လောဘစီးပွားရေးသမားများက သယံဇာတ ပစ္စည်းများကို ဥပဒေမဲ့ခိုးထုတ်နေကြပြီး အကြမ်းဖက် အုပ်စုများကို ထောက်ပံ့ခြင်း၊ လက်နက်ကိုင်သောင်းကျန်းသူများအားထောက်ပံ့ခြင်းများကို လုပ်ဆောင်နေကြကြောင်း စစ်ကောင်စီက ဆိုထားသည်။

လက်ရှိ EROs နှင့် PDF တို့နယ်မြေထိန်းချုပ်ထားသည့်ဒေသများတွင် မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်း၊ ရွှေတူးဖော်ရေးလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်းနှင့် ကျောက်မျတ်တူးဖော်ရေးလုပ်ငန်း များရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ ကမ္ဘာ့ကျော်တန်ဖိုးကြီးမြေရှားသတ္တုရာနှင့်ချီကို ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) က ထိန်းချုပ်ထားပြီးအခွန်ဘဏ္ဍာငွေကောက်ယူခြင်းနှင့် ရွှေမျှောလုပ်ငန်းများ၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း အတွင်း ရွှေတူးဖော်ရေးနှင့် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများအပါအဝင် ကရင်နီပြည်ရှိ ခဲမဖြူသတ္တုတူးဖော်ရေးလုပ်ငန်းများ၊ ရှမ်းပြည်နယ်ရှိ ဓာတ် သတ္တုတူးဖော်ရေး လုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေများရှိ တပ်ဖွဲ့များက သိမ်းယူထားပြီး အခွန်အခများ ရရှိနေကြောင်း သိရသည်။

“ တော်လှန်ရေး တပ်ဖွဲ့တွေကနယ်မြေသိမ်းပြီးတော့ ထိန်းချုပ်ထားတာရှိတယ်။ သယံဇာတ တူးဖော် ရေးတွေက အောက်ခြေကနေအပေါ်ရောက်တဲ့သဘောဖြစ်တယ်။ စီမံခန့်ခွဲမှုတွေက ဒေသမှာ ရှိတဲ့လူတွေ ကိုယ်တိုင်လုပ်ကိုင်တယ်။ အခုထုတ်ပြန်ချက်က လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ပစ်မှတ် ထားပြီး ထုတ်တာဖြစ်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေပိုင်တာများနေတယ်” ဟု သယံဇာတူးဖော်ရေး နှင့်ပတ်သက်ပြီးသိရှိသူတစ်ဦးက ပြောကြားသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC) ၏ စုစုပေါင်းဝင်ငွေတွင် အခွန်ဘဏ္ဍာမှ ၃၁ ရာခိုင်နှုန်းရရှိပြီး သယံ ဇာတ တူးဖော်ရေးလုပ်ငန်းများမှဝင်ငွေများပါဝင်ကြောင်း IEC က တရားဝင် အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်း ပွင့်လင်းမြင်သာမှုလုပ်ငန်းစဉ် ( EITI) တွင်အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် ၂၀၁၄ ခုနှစ်တွင်ပါဝင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင်ရပ်ဆိုင်းခံခဲ့ရသည်။

အဆိုပါ EITI သည် သဘာဝသယံဇာတတူးဖော်မှုနှင့်ပတ်သက်ပြီးပွင့်လင်းမြင်သာမှုရှိစေရန်၊ စနစ်တကျ စီမံခန့်ခွဲနိုင်ရန်အတွက်အရေးယူသောလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#သယံဇာတတူးဖော်သူများ #အရေးယူမည် #စစ်ကောင်စီခြိမ်းခြောက် #Ayeyarwaddy_Times