နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်

စစ်ခေါင်းဆောင်၏ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေသစ်တွင် လိုင်စင်ရလုံခြုံရေး ကုမ္ပဏီများကို လက်နက် ကိုင်ခွင့် ပေးမည်ဆိုသော်လည်း ၎င်းတို့အနေဖြင့် နယ်မြေဒေသများ စွန့်လွှတ်နေရသဖြင့် ပြည်ပကုမ္ပဏီများ လာရောက်ရင်းနှီးမြုပ်နှံနိုင်မည်မဟုတ်ကြောင်း မြန်မာ့အရေး လေ့လာ စောင့်ကြည့်သူများက သုံးသပ်ပြောကြားသည်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယင်းဥပဒေကို ယခုရက်ပိုင်းအတွင်း လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီများဖြစ်ပါက ဝန်ထမ်းခန့်အပ်ရာတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်းနှင့် ပြည်ပနိုင်ငံတစ်ခုခု၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်သူ နိုင်ငံခြားသားများသာ ခန့်အပ်ရမည်ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် တစ်နေ့တခြား စစ်ရေးရှုံးနိမ့်နေသည့်အတွက် စစ်ကောင်စီက ပြည်ပရင်းနှီး မြုပ်နှံမှုရှိအောင် ပြဋ္ဌာန်းခြင်း မဟုတ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EROs) ထိန်းချုပ်ထားရာ နေရာများတွင် ထိုကုမ္ပဏီများ ပေါ်ပေါက်လာရန် မဖြစ်နိုင်ကြောင်း တိုင်းရင်းသားအရေး လေ့လာသူတစ်ဦးက ပြောကြားသည်။

“မြန်မာနိုင်ငံအနေနဲ့ကလည်း တစ်နေ့တခြား စစ်ကောင်စီ လက်လွှတ်နေရတဲ့ နယ်မြေတွေများလာတဲ့ အခါမှာ ပြည်ပလုံခြုံရေး ကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီအစားထိုး ဝင်လာဖို့ကတော့ သိပ်မသေချာ ဘူးလို့ ကျွန်တော်မြင်တယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေရာတွေမှာပဲ ပေါ်လာမှာပါ” ဟု တိုင်းရင်းသားအရေး လေ့လာသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ လျှောက်ထားလာသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို ဗဟိုကော်မတီ ခွင့်ပြုချက်ဖြင့် လက် နက်ခဲယမ်းနှင့် နည်းပညာဆိုင်ရာ လုံခြုံရေးအထောက်အကူပြု ပစ္စည်းများ ဝယ်ယူကိုင်ဆောင်ခွင့် ပြုသွားမည်ဖြစ်ပြီး ၎င်းတို့နှင့် ပူးပေါင်းရမည်ဟုလည်း စစ်ကောင်စီက ထည့်သွင်း ပြဋ္ဌာန်းထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်ရှုံးနေ၍ ကိုယ့်တပ်ကိုယ်တောင် ကာကွယ်နိုင်စွမ်းမရှိတော့သဖြင့် ၎င်းတို့ကို ထောက်ခံနေသော တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့်နိုင်ငံထံမှ အကူအညီရရှိအောင် နည်းမျိုးစုံကြိုးပမ်းနေကာ တစ်ဖက်၌လည်း တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်း လုံခြုံရေးကုမ္ပဏီ ဖော်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“တရုတ်အစိုးရရဲ့ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်။ ဒါကိုလုံခြုံရေးအရ မပေးနိုင်ဘူး ယူဆလို့ ဖက်စပ်လုံခြုံ ရေးလုပ်ငန်းတွေ တောင်းဆိုလာတယ်ထင်တယ်။ တရုတ်သက်သက် မဟုတ်ဘူး။ အိန္ဒိယလည်း အဲသလို ဆွေးနွေးတယ်ကြားတယ်” ဟု နိုင်ငံရေး/စစ်ရေး စောင့်ကြည့်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီကမူ အဆိုပါဥပဒေ ပြဌာန်းပြီးနောက် ၎င်းတို့ခန့်အပ် ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်တို့ကို ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌထား၍ အဖွဲ့ဝင် ၁၂ ဦး ပါဝင်သော ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီ၊ တိုင်း/ပြည်နယ် ကြီးကြပ်ကွပ်ကဲရေး ကော်မတီများအား ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

ထို့အပြင် ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီများကိုလည်း လုပ်ငန်းလိုအပ်ချက်အရ ခုခံကာကွယ်ခွင့်၊ ပြစ်မှုကျုးလွန်သူအား ဖမ်းဆီးခွင့်ရှိသည်ဟု လုပ်ပိုင်ခွင့်ပေးထားသောကြောင့် စစ်သားနှင့်ရဲဝန်ထမ်းဟောင်းများ ဦးစားပေးခန့်သော စစ်အုပ်စုပိုင် လုံခြုံ ရေးကုမ္ပဏီများ ယခင်ထက်ပိုမိုများလာ နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောကြားသည်။

#စစ်ကောင်စီ #ပုဂ္ဂလိက #လုံခြုံရေးကုမ္ပဏီများ #လက်နက်ကိုင်ခွင့်ပေးမည် #ပြည်ပကုမ္ပဏီများ #လာရောက်မည် #Ayeyarwaddy_Times