တောင်ဒဂုံမှာ စစ်ကောင်စီသတင်းပေးဟုကျော်ဇောသူ ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး သေနတ်နဲ့ ပစ်သတ်ခံရ

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၃ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်၊ ၁၈ ရပ်ကွက် စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦး ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သေဆုံးသွားသူဟာ ၁၈ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး ဦးတင်အောင်ဆိုသူဖြစ်ပြီး နေအိမ်ကိုပြန်တဲ့လမ်းမှာ အမည်မသိလူတွေကပစ်သတ်သွားတာလို့ဒေသခံတွေကပြောပါတယ်။

” ရပ်ကွက်ထဲကနေသူ့အိမ်ကိုပြန်လာတဲ့အချိန်ပစ်သတ်ခံလိုက်ရတာ။ သေနတ်နဲ့ သုံးချက်ပစ်သွားလို့ ပွဲချင်းပြီးဘဲသေသွားတယ်။ ရာအိမ်မှူးလည်းရာအိမ်မှူး ၊ စစ်တပ်နဲ့လည်းဆက်သွယ်ပေးပြီးသတင်းပေးတာတွေနဲ့တော့ကျော်ဇောတဲ့သူ” လို့ တောင်ဒဂုံမြို့ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ရာအိမ်မှူး ဦးတင်အောင်ဟာ တောင်ဒဂုံမြို့နယ်ကြံ့ခိုင်ရေးပါတီဝင်တဦးလည်းဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒီပစ်ခတ်ရှင်းလင်းတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ တစုံတရာထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။

#AyeyarwaddyTimes