
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
ယခုဆင်နွှဲနေသောစစ်မှာ တရားသောစစ်ဖြစ်ပြီး နယ်မြေချဲ့ထွင်ရေးတိုက်ပွဲ ဖော်ဆောင်လာမှုများကို ပြည်သူများနှင့်ပူးပေါင်း၍ စစ်ကိုဆက်လက်ဆင်နွှဲသွားကြရမည်ဖြစ် ကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြုလုပ်သည့် တပ် မတော်ကြည်း ဗိုလ်သင်တန်းကျောင်း(ဗထူး)ဗိုလ်လောင်းသင်တန်းအမှတ်စဥ် (၁၂၈) သူရတပ်ခွဲ သင်တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင်က ပြောဆိုခဲ့ခြင်းဖြစ် သည်။
စစ်တပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တာဝန်များထမ်းဆောင်လျက်ရှိပြီး နိုင်ငံတော်ကိုကာကွယ်ရန် အစွမ်းကုန်ကြိုးစားကာကွယ်သွားရမည်ဖြစ်ကာ ဆင်နွှဲနေသောစစ်မှာ တရားသောစစ်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့က NUG၊ CRPH၊ PDF တို့နှင့်ပူးပေါင်းပြီး ထိန်းချုပ်နယ်မြေများ ချဲ့ထွင်နိုင်ရေးအတွက် နိုင်ငံရေးကိုအကြောင်းပြ၍ လက် နက်ကိုင်နည်းလမ်းကို တရားလက်လွတ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုထားသည်။
ပြည်သူများနှင့် ပူးပေါင်း၍ စစ်ကိုဆက်လက်ဆင်နွှဲသွားကြရမည်ဟု တရားဝင်ထုတ်ပြန်ပြောဆိုနေသော စစ်ခေါင်း ဆောင်သည် နိုင်ငံအတွင်းရှိ လူငယ်၊ လူရွယ်များကို စစ်မှု ထမ်းဥပဒေအကြောင်းပြဖမ်းဆီးပြီး စစ်မြေပြင်သို့ ပို့ဆောင်လျက်ရှိသည်။
ယခုအခါတွင် စစ်ကောင်စီက အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသည့် လူငယ်များကို စစ်မှုထမ်းအမှတ်စဉ် (၁၀) အထိ ဖွင့်လှစ်ကာ တပ်သားသစ်များ အဓမ္မစုဆောင်းထား သည်။
အဓမ္မခေါ်ယူစုဆောင်းထားသည့် လူငယ်များကို စစ်ကောင် စီ၏ နောက်တန်း တပ်ရင်းများနှင့် တန်းမြင့်သင်တန်းကျောင်း(တကက) များတွင် စစ်သင်တန်းပေးကာ ရှေ့တန်းစစ်မျက်နှာများသို့ ပို့လွှတ်လျက်ရှိပြီး ထွက်ပြေး သေဆုံးမှုများ ရှိနေကြောင်း သိရသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း အာဏာသိမ်းယူခြင်းကြောင့် နိုင်ငံအနှံ့ ဖြစ်ပေါ်လာသည့် တိုက်ပွဲများကို နယ်မြေရလိုမှုအတွက် တိုက်သည့်စစ်ပွဲများဖြစ်ကြောင်း ပုံဖျက်ပြောဆိုထားပြီး လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကိုပါ ဆက်လက်ဆင်နွှဲသွားမည်ဟု ပြောဆိုထားသည်။
ယခင်ပြောကြားချက်များတွင် တိုင်းပြည်ငြိမ်းချမ်းအောင်လုပ်ဆောင်ပြီး ရွေးကောက်ပွဲဖော်ဆောင်ကာ ထွက်ပေါ်လာသည့်အစိုးရကို အာဏာလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ယခုအခါတွင် စစ်ကို ဆက်လက်ဆင်နွှဲသွားမည်ဟု ရှေ့နောက်မညီ ပြောဆိုထားပြန်သည်။
ဓာတ်ပုံ-စစ်ကောင်စီ
#တရားသောစစ် #ဆက်လက်ဆင်နွှဲမည် #စစ်ခေါင်းဆောင် #ပြောဆို #Ayeyarwaddy_Times