ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသည့် ရှမ်းမြောက်ရှိ နောင်ချိုမြို့ နယ်ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ်မှ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်ထိ Y -12 လေယာဉ်ဖြင့် ဗုံး ၂၇ လုံး ကြဲချခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်၊ ရွှေမုဠောကျေးရွာကို ဗုံး ငါး လုံးနှင့် တောင်ရှည်ကျေးရွာကို ဗုံး ၂၇ လုံး ကြဲချတိုက်ခိုက်ခဲ့ သည့်အတွက် ဒေသခံပြည်သူတစ်ဦးသေဆုံးကာ နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်ကလည်း မိုးမိတ်မြို့နယ်၊ ဝဲပေါင်းကျေးရွာအတွင်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မထက်မြတ်နိုး (၈) နှစ်၊ မမေဇင်ထက် (၂၃) နှစ်၊ ကိုဇော်မင်းလွန် (၃၀) နှစ်တို့သေဆုံးခဲ့ပြီး မရွှေသန့်ဝေ၊ ကိုပြည့်စိုင်၊ ဒေါ်သိမ်သိမ်ညို၊ ဦးရန်အောင်၊ ဦးမိုးလွန်၊ ကိုသောင်းလွန်၊ ဒေါ်နွယ်အပါ အဝင် ခုနစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ငါး လုံး လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို လိုက်နာဆောင် ရွက်ကြရန် TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် TNLA နှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်မှ ယနေ့ ဖေဖော်ဝါရီ ၂၂ရက်အထိ လက်နက်ကြီးနှင့် လေကြောင်းကို အသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် တအာင်းဒေသတွင် ကလေးတစ်ဦးအပါအ၀င် အမျိုးသားနှစ်ဦး၊ အမျိုးသမီး လေးဦး သေဆုံးခဲ့ရသည်။

ထို့ပြင်လေး တစ်ဦး၊ အမျိုးသား ခုနစ် ဦးနှင့် အမျိုးသမီး ခုနစ်ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နှင့် ပြည်သူနေအိမ် ၁၁ လုံး ထိမှန်ပျက်စီးခဲ့ရသည်။

ပုံစာ -မိုးမိတ်ဗုံးကြဲခံရပြီး နေအိမ်များပျက်စီးမှုမြင်ကွင်း
#ရှမ်းမြောက် #နောင်ချို #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #ပြည်သူ #သေဆုံး #Ayeyarwaddy_Times