ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

ဟင်္သာတမြို့နယ်၊ ရှားခဲတိုက်နယ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် ည ၈ နာရီဝန်းကျင်က ရပ်ကျေးစာရေးမ ဦးဆောင်ပြီး ပြည်သူ့စစ်မှုထမ်းရန် အဓမ္မစုဆောင်းမှုကြောင့် လူငယ်များ ညတွင်းချင်းတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ရှားခဲတိုက်နယ်၊ အင်းတလူအုပ်စုတွင် ရပ်ကျေးစာရေးမ ဦးဆောင်မှုဖြင့် စစ်ကောင်စီ၏ စစ်ကား ရောက်ရှိလာပြီး ပြည်သူ့ စစ်မှုထမ်း လူသစ်စုဆောင်းရန်ပြင်ဆင်မှုကြောင့် လူငယ်များညတွင်းချင်းပင် အုပ်စုလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

အင်းတလူအုပ်စုရှိ အင်းတလူကျေးရွာ၊ တမံကြီးကျေးရွာ၊ ပန်းအိုင်ကြီးကျေးရွာ၊ ဇီးကုန်းကြီးကျေးရွာ၊ ပန်းအိုင်လေးကျေးရွာဆင်ခေါင်းကြီး စသည့် ကျေးရွာများမှ ဒေသခံလူငယ်များသည် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညဦးပိုင်းကစတင်ကာ တိမ်းရှောင်နေရကြောင်း သိရသည်။

“ညက ရွာထဲရောက်လာတယ် စစ်ကား တာပေါ်မှာရပ်ခဲ့ပြီး စာရေးမနဲ့ ညှိနေကြတာ၊ စစ်မှုထမ်း ကိစ္စတွေကို ဒီစာရေးမပဲခြယ်လှယ်နေတာ။ တော်တော်လေးကို ဆိုးပါတယ်ဗျာ၊ အဲဒီအသံကြားတော့ လူငယ်တွေလဲပြေးကြရတယ်။ လယ်ကွင်းတွေထဲ မီးတွေကို ထိန်နေရော ပြေးကြတာဗျာ”ဟု ရှားခဲတိုက်နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

ပြည်သူ့စစ်မှုထမ်း စာရင်းပေး၊ မဲနှိုက်ရန်ပြင်ဆင်သည့် ရပ်ကျေးစာရေးမမှာ ဒေါ်တင်နွဲ့ခိုင်ဖြစ်ပြီး ဟင်္သာတထွေအုပ်ရုံးတွင် ၎င်းတို့ကိုယ်တိုင်မဲနှိုက်ထားပြီး စာရင်းပါသူများကို ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညပိုင်းတွင်လည်း စစ်ကောင်စီတပ်က အလစ်ဝင်ရောက်ဖမ်းဆီးမည်ဖြစ်ကြောင်း ဟင်္သာတမြို့ ထွေအုပ်ရုံးရှိ Non CDM တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ညပိုင်းက အင်းတလူအုပ်စုရှိ ဒေသခံ လူငယ်နှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ယနေ့ညတွင် ပြည်သူ့စစ်မှုထမ်းအတွက် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးမည်ဆိုသော သတင်းကြောင့် အင်းတလူကျေးရွာ၊ တမံကြီးကျေးရွာ၊ ပန်းအိုင်ကြီးကျေးရွာ၊ ဇီးကုန်းကြီးကျေးရွာ၊ ပန်းအိုင်လေးကျေးရွာဆင်ခေါင်းကြီးကျေးရွာအပြင် ဒယ်ကွင်းရွာ၊ လှော်ဃားလှည့်ရွာ ဒေသခံလူငယ်များမှာ ကြိုတင်တိမ်းရှောင်နေကြောင်း ဒေသခံများက ဆိုသည်။

ဓာတ်ပုံ-ရှားခဲတိုက်နယ်၊ အင်းတလူအုပ်စု ရပ်ကျေးစာရေးမ ဒေါ်တင်နွဲ့ခိုင်

#ရှားခဲ #စာရေးမဦးဆောင် #ညဦးပိုင်း #ပြည်သူ့စစ်မှုထမ်း #အဓမ္မစုဆောင်း #လူငယ်များ #အုပ်စုလိုက် #ညတွင်းချင်းတိမ်းရှောင်ထွက်ပြေး #Ayeyarwaddy_Times