ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ‌က‌လေးမြို့နယ်မှာ အခြေစိုက်ထားပြီး ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာ နယ်စပ် စသည့်ဒေသတွေမှာရှိတဲ့ အမျိုးသမီး အရေးကိစ္စရပ်တွေကို ကူညီဆောင်ရွက် ပေးမှုတွေ ပြုလုပ် ပေးနေတဲ့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ (Women for Justice-WJ)အဖွဲ့အစည်းဟာ အခုဆိုရင် နှစ် ၃၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

တရားမျှတမှုအတွက်အမျိုးသမီးများအဖွဲ့(WJ) ဟာ ရှစ်လေးလုံး ဒီမိုကရေစီအရေးမှာ တက်ကြွစွာပါ ဝင်ခဲ့တဲ့ အမျိုးသမီးတွေနဲ့အတူတူ အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံထဲကို ရောက်ရှိခဲ့ရတဲ့ အမျိုးသမီးတွေစုပေါင်းပြီးတော့ ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ အဖွဲ့ကို စတင်တည် ထောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ WJ အဖွဲ့အစည်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစတင်ကာ စစ်ကိုင်း တိုင်း၊ ကလေးမြို့နယ်ထဲကို ပြောင်းရွှေ့အခြေ စိုက်ထားတယ်လို့ သိရပြီး စစ်အာဏာသိမ်း ကာလတွေမှာလဲ အမျိုးသမီးအရေး၊ စစ်ဘေးရှောင်ကူညီရေး၊ လူသားချင်းစာနာ ထောက်ထားရေး စတဲ့ အကူညီပေးရေး လုပ်ငန်း တွေကို ဆက်လက် လုပ်ဆောင်နေတာဖြစ်တယ်လို့ အဆိုပါအဖွဲ့ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါကြောင့် ဧရာဝတီတိုင်းမ် သတင်းဌာနအနေနဲ့ WJ အဖွဲ့အစည်း အခြေစိုက်ရာဒေသမှာရှိတဲ့ အမျိုးသမီးတွေရင်ဆိုင်ကြုံတွေ့ နေရတဲ့အခက်အခဲတွေနဲ့အတူ WJ အဖွဲ့အစည်းရဲ့ အကူညီပေးရေး ဆောင်ရွက်မှုတွေ အကြောင်းကို ပိုမိုသိရှိနိုင်ဖို့အတွက် စီမံခန့်ခွဲမှု ကော်မတီဝင်တစ်ဦးဖြစ်သူ ဆရာမငြိမ်းငြိမ်းထွန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

🟥Women for Justice အဖွဲ့အစည်း ဖြစ်ပေါ်လာပုံ

တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ (Women for Justice-WJ) ကို အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ မှာ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဖွဲ့အစည်းကို (၈၈၈၈) ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံမှာ တက်ကြွစွာပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေနဲ့ အိန္ဒိယနိုင်ငံဖက်ကို နိုင်ငံရေးနောက်ခံအမျိုးမျိုးကြောင့် ထွက်ခွာလာခဲ့သူ တွေထဲက အမျိုးသမီးအချို့က အမျိုးသမီးတွေရဲ့အသံကို ဖော်ထုတ်နိုင်ဖို့ ၊ အမျိုးသမီးတွေရဲ့ အရေးကိစ္စများကို ကူညီဖြေရှင်းပေးနိုင်ဖို့ နဲ့ နိုင်ငံရေးမှာ အမျိုးသမီး ကိုယ်စားပြုခွင့် ရရှိနိုင်ဖို့စတဲ့ ရည်ရွယ် ချက်တွေနဲ့ အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ကြတာပဲ ဖြစ်ပါတယ်။

စတင်ဖွဲ့စည်းခဲ့စဉ်ကတော့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် အခွင့်အရေးများဆိုင်ရာအဖွဲ့ Women Rights and Welfare Association of Burma (WRWAB) လို့ အမည်ပေးခဲ့ကြပြီးတော့ (၁၆) ကြိမ်မြောက်ညီလာခံမှာ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ ဆိုပြီး အမည်ပြောင်းလဲခဲ့တယ်လို့ မငြိမ်းငြိမ်းထွန်း ထံကနေ သိရပါတယ်။

🟥အမျိုးသမီးအရေးအတွက် WJ အဖွဲ့အစည်း၏ ကူညီပေးမှုတွေလှုပ်ရှားဆောင်ရွက်မှုများ

WJ အဖွဲ့အစည်းအနေနဲ့ လက်ရှိမှာ အကြမ်းဖက်ခံရသူ အမျိုးသမီးတွေကို နှစ်သိမ့်ဆွေးနွေးပေးခြင်း အပါအဝင် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေလုပ်ဆောင်ပေးခြင်း ၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးများရဲ့ သတင်းအချက်အလက်တွေကို မှတ်တမ်းတင်ပေးခြင်း စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အကူအညီပေးမှုတွေကို လုပ်ဆောင်တာတွေရှိတယ်လို့လည်း WJ ကဆိုထားပါတယ်။

ဒါ့အပြင် စစ်ဘေးရှာင်ပြည်သူတွေကို လူသားခြင်းစာနာထောက်ထားမှု အ ထောက်အပံ့တွေ ပံ့ပိုး ကူညီတဲ့အပြင် နေ့တဓူဝ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် ကျန်းမာရေး ၊ မိုင်းအန္တရာယ် ၊ ဂျန်ဒါ ၊ ကျား-မ အခြေပြုအကြမ်း ဖက်မှု စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသိပညာပေးတာ တွေကိုလည်း လုပ်ဆောင်နေတယ်လိုဆိုပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် တွေကို သီးခြား ကူညီထောက်ပံ့ပေးခြင်းအစီအစဉ်တွေကိုလည်း လုပ်ဆောင်ပေးနေတယ်လို့ WJ ကော်မတီဝင် မငြိမ်းငြိမ်းထွန်းက ပြောပါတယ်။

အမျိုးသမီးများ အသက်ရှင်သန်ရပ်တည်နိုင်ရန်အတွက် အသက်မွေးဝမ်း ကျောင်း ပညာသင်ကြား ပေးခြင်း အစီစဥ◌်များကိုလည်းပြုလုပ်ခဲ့ပြီး အမျိုး သမီးအခွင့်အရေးအပါအဝင် အသိပညာပေး ဆွေးနွေးပွဲများ လုပ်ဆောင်ပေးခြင်း၊ စစ်ဘေးရှောင် ကော်မတီများတွင် အမျိုးသမီးများ ပါဝင်လာရေး တို့အတွက် စည်းရုံးလှုပ်ဆော်ပေးခြင်း တို့ကိုလည်း ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

🟥အိန္ဒိယနဲ့နယ်စပ်မှာရှိတဲ့ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့ ခွဲခြားဆက်ဆံမှုများ

အမျိုးသမီးတွေရင်ဆိုင်နေရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေမှာ လုပ်ခလစာ အပြည့်အဝ မရရှိတာတွေ ၊ အလုပ်အကိုင် အခွင့်အလမ်း မရှိတာတွေ ပါဝင်နေပြီး ဥပမာ နေ့စားအလုပ်ကလွဲပြီး ဈေးရောင်ခြင်း၊ ကြက်မွေးခြင်း ၊ ဝက်မွေးခြင်းလိုမျိုး တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးကိုပင် လုပ်ဆောင်ခွင့်ပင် မရရှိဘူးလို့ သိရပါတယ်။

ဒါ့ပြင် အစိုးရဆေးရုံတွေမှာ ဆေးကုသခွင့်ရှိပေမယ့် ဘာသာပြန်မရှိပဲ ဘာသာပြန်ခေါ်ပါကလည်း ဆေးရုံစောင့် ထားလို့မရတာမျိုး စတဲ့အခက်အခဲတွေ ရှိနေရတာကြောင့် ပုဂ္ဂလိက ဆေးရုံများတွေ မှာသာ ဆေးကုသနေကြရပြီး ငွေကြေးအခက်အခဲ ရှိသူတွေအနေနဲ့ ဆေးမကုသနိုင်တဲ့ အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။

အခုနောက်ပိုင်းမှာတော့ CDM ဆရာဝန်တွေ ရှိလာပြီး စစ်ရှောင်စခန်းတွေကို အလှည့်ကျ ဆေးဝါး ကုသမှုတွေ သွားရောက် လုပ်ဆောင်ပေးကြပေမယ့် စစ်ရှောင်စခန်းအများစုဟာ မြို့နှင့်အလှမ်းဝေးတဲ့ နေရာတွေမှာသာ ရှိတဲ့အတွက် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေ ရှိနေတယ်လို့လည်း WJ ကော်မတီဝင် မငြိမ်းငြိမ်းထွန်းထံကနေ သိရပါတယ်။

🟥စစ်အာဏာသိမ်း လေးနှစ်တာကာလတွင် အိန္ဒိယ-မြန်မာနယ်စပ်ဒေသရှိ အမျိုးသမီးများ အဓိက ကြုံတွေ့ ရင်ဆိုင် နေရသည့် အခြေအနေများ

အခုလို စစ်အာဏာသိမ်းကာလမှာ အကြမ်းဖက်ခံရသူအမျိုးသမီးတွေဟာ တိုင်ကြားမှုယန္တရား ပျောက်ဆုံးနေခြင်းကို အဓိက ကြုံတွေ့နေရပြီး ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေကို ရရှိမနေခြင်း၊ ရှိရင်းစွဲ အမျိုးသမီးအဖွဲ့များ/ဥပဒေရေးရာ ပံ့ပိုးကူညီပေးတဲ့ အဖွဲ့တွေ မရှိသလောက်နည်းပါးလာခြင်း တို့ကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ကျူးလွန်သူတွေဟာ စစ်ကောင်စီဖက်က မဟုတ်ရင် အမျိုးသမီးတွေဘက်က ရပ်တည်ပေးမည့်သူတွေ နည်းပါးလာခြင်း၊ ရှင်းလင်းတိကျ သေချာတဲ့ တိုင်ကြားမှုပုံစံတွေ မရှိခြင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်း ဆိုင်ရာ လုံခြုံရေးစိန်ခေါ်ချက်တွေ များလာခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုမိုများပြား လာခြင်း တို့ကိုလည်း ကြုံတွေ့နေကြရတယ်လို့ မငြိမ်းငြိမ်းထွန်းက ဆိုပါတယ်။

“အမျိုးသမီးတွေအနေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာဆိုရင် ညအိပ်တာ ရေချိုးတာက အစ စိတ်ပိုင်း ဆိုင်ရာ မလုံခြုံမှုတွေကို တွေ့ကြုံခံစားကြရတယ်။ အလုပ်အကိုင်မရှိ ဝင်ငွေမရှိတော့ စားဝတ်နေရေးကို နေ့တဓူဝ စီမံခန့်ခွဲရတဲ့ အမျိုးသမီးတွေအနေနဲ့ စိတ်ပင်ပန်းမှု တွေကို ကြုံတွေ့ကြရတယ်။ အကြမ်း ဖက်ခံရပြီ ဆိုရင်လည်း ဘယ်ကိုတိုင်လို့တိုင်ရမှန်းမသိ ၊ အပြစ်ပေး အရေးယူမှုတွေ ထိထိရောက်ရောက် မရှိနေနဲ့ ပြဿနာတွေကြုံတွေ့ရတယ်” လို့ WJ အဖွဲ့အစည်း မှ ဆရာမငြိမ်းငြိမ်းထွန်းက အမျိုးသမီးတွေအဓိကရင်ဆိုင် နေရတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး ပြောဆိုခဲ့ပါတယ်။

နယ်စပ်ဖက်ခြမ်း ဒေသများဖြစ်တဲ့အတွက ဘာသာစကားအခက်အခဲတွေ အပြင် စားဝတ်နေရေးအခက် အခဲတွေကိုပါ ရင်ဆိုင်ကြုံတွေ့နေရပြီး စစ်ရှောင်စခန်းတွေမှာလည်း ကျန်းမာရေး စောင့်ရှောက်မှု တွေနဲ့ပတ်သက်ပြီး သူနာပြု ၊ ဆေးဝါးကျွမ်းကျင်သူတွေ ရှိသော်လည်း ဆေးဝါး နှင့်ဆေးကုသရန် ပစ္စည်း မရှိခြင်းတွေ ကြုံနေရပြီး အမျိုးသမီးကျန်းမာရေး စောင့်ရှောက်မှုတွေကိုလည်း ရရှိခြင်း မရှိကြောင်း သိရပါတယ်။

ဓာတ်ပုံ -Women for Justice

#WomenForJustice #နှစ်သုံးဆယ်ပြည့် #အမျိုးသမီးကဏ္ဍ #Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင် ဆိုင်နေရသည့် အခက် အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေ သည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေး နိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)