
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေရှိ စစ်ကောင်စီ၏ အမြင့်ကျွန်းတွင်ရှိသည့် တပ်စခန်းကို AA က ထိုးစစ် ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
စစ်တွေရှိ အမြင့်ကျွန်း၊ ကျားမသောက်၊ ပါဒလိတ်နှင့် ရေချမ်းပြင်တို့ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၉ နာရီမှ ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ AA က လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီကလည်း ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ဘက်များသို့ လက်နက်ကြီးများအပြင် ဒရုန်းဗုံးများပါ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” လက်နက်ကြီးတွေနဲ့ AA ကအပြင်းအထန် တိုက်ခိုက်နေတာ။ မြို့ထဲမှာလည်း စစ်ရှောင်လိုသူတွေများ ပေမယ့် စစ်တပ်က လမ်းတွေအကုန်ပိတ်ထားတယ်။ လက်နက်သံတွေ ဒီတိုင်းပဲ နားထောင်နေ ရပါတယ်”ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ စစ်တွေရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်၊ ပွိုင့်ကမ်း ခြေအနီး ရေတပ်၊ အမှတ် ၁၂ ရဲတပ်ရင်းစသည့်နေရာ များကို AA က လက်နက်ကြီးများဖြင့် တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက စစ်တွေ မြို့အတွင်း လုံခြုံရေးအပြည့်ယူထားသည့်အပြင် တိုက်ခိုက်ရေး သင်္ဘောလေးစီးဖြင့်ပါ အင်အားဖြည့် တင်းထားကြောင်း သိရသည်။
စစ်ကောင်စီက ရန်ကုန်ရှိ ရေတပ်သင်္ဘောနှစ်စီးနှင့် ကျောက်ဖြူမြို့ ဓညဝတီရေတပ်စခန်းမှ သင်္ဘောနှစ် စီး စုစုပေါင်း တိုက်ခိုက်ရေးသင်္ဘောလေးစီးအပြင် ရေယာဉ်ငယ် ဒါဇင်ကျော်ဖြင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပုံစာ-AA တပ်ဖွဲ့ဝင် တစ်ဦးကိုတွေ့ရစဥ် (ပုံဟောင်း)
#ရခိုင် #စစ်တွေ #စစ်ကောင်စီစခန်း #AA #ထိုးစစ်ဆင် #Ayeyarwaddy_Times