
(တမူး)၊ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ စစ်ကောင်စီတပ် ထိန်းချုပ်နေရာတွင် မြေမြုပ်မိုင်းနင်း၍ စစ်ဘေးရှောင် သုံးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံက သိရှိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ၁၃ ရက်နေ့ မနက်ပိုင်းတွင် မင်းသာကျေးရွာမှ အသက် ၅၀ နှစ်အရွယ် ဦးထွန်းထွန်းသည် ၎င်းစစ်ဘေးရှောင်သည့်နေရာမှ အိန္ဒိယနယ်စပ်သို့ အသွားတွင် မြေမြုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက် ပြတ်သွားခဲ့ခြင်းဖြစ်သည်။
“ညာဘက်ခြေဖမိုး ပြတ်ထွက်သွားတယ်။ ဘယ်ခြေထောက်လည်း ဒဏ်ရာရတယ်။ မျက်နှာတစ်ခုလုံးလည်း မိုင်းစတွေ ထိမှန်လို့ ဒဏ်ရာတွေရတယ်။ အခုလုံခြုံတဲ့နေရာမှာ ဆေးကုသမှုခံယူနေရတယ်။ အသက်အန္တရာယ်စိုးရိမ်စရာမရှိပမေဲ့ ဒဏ်ရာတွေကပြင်းထန်တယ်” ဟု တမူးမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ဖေဖော်ဝါရီ ၁၀ နေ့ကလည်း မင်းသာကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကိုမျိုးသန့်ဇင် နှင့် အသက် ၃၀ နှစ်အရွယ် မကပီးတို့သည် ၎င်းတို့စစ်ဘေးရှောင်သည့်နေရာမှ အိန္ဒိယနယ်စပ်သို့ အသွားတွင် မြေမြုပ်မိုင်းနင်း၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
“နယ်စပ်ကအပြန်မှာ မိုင်းနင်းမိတာပါ။ ကိုမျိုးသန့်ဇင်က မိုင်းစတွေထိမှန်လို့ ခြေထောင်ဒဏ်ရာရတယ်။ မကပီးက ခေါင်းဒဏ်ရာရတယ်။ ခေါင်းထဲက မိုင်းစထိမှန်လို့ ခွဲထုတ်ရမယ်ပြောတယ်” ဟု တမူးမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ဘေးရှောင်များ မိုင်းနင်းမိသည့်နေရာများသည် စစ်ကောင်စီတပ်၏ ထိန်းချုပ်နယ်မြေတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်လာမည်ကိုစိုးရိမ်နေသည့်အတွက် ၎င်းတို့ထိန်းချုပ်နယ်မြေတွင် မြေမြုပ်မိုင်းများ ထောင်ထားကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီမှစ၍ ယနေ့ ဖေဖော်ဝါရီ ၁၃ရက်နေ့ထိ တမူးမြို့နယ်တွင် မြေမြုပ်မိုင်းနင်း၍ စစ်ဘေးရှောင် အရပ်သားခုနှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#တမူးမြို့နယ် #မြေမြုပ်မိုင်းနင်းမိ၍ #စစ်ဘေးရှောင်၃ဦး #ထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times