(မောင်တော)၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ ခုံတိုင်(မြို)ကျေးရွာမှ အသက်မပြည့်သေးသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့အပါဝင် မြိုတိုင်းရင်းသား ၁၇ ဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရှိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ည ၈ နာရီအချိန်ဝန်းကျင်တွင် AA တပ်ဖွဲ့ဝင်များသည် ခုံတိုင်ကျေးရွာကို ဝိုင်းပိတ်ဆို့ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့်ယခုကဲ့သို့ ဖမ်းဆီးမှုကို မသိရှိရသေးဟု ဆိုသည်။

“ဖမ်းတဲ့ညကဆို ရွာသားတွေနဲ့ AA တပ်ဖွဲ့ဝင်တွေ
ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ AA ဘက်က ဟိုလူဆွဲ၊ ဒီလူဆွဲနဲ့ သေနတ်ပစ်မယ် ဘာညာခြိမ်းခြောက်တယ်။ ရွာသားတွေဘက်ကလည်း လူတွေမပေးဘူးဆိုပြီး AA လက်ထဲက လူတွေပြန်ဆွဲနဲ့ပစ်ရဲရင်ပစ်ဆိုပြီး ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ နောက်ဆုံးတော့ ၁၇ ယောက်ပါသွားတယ်။ ပြည်သူ့စစ်အတွက်လား။ စစ်မှုထမ်းဖို့အတွက်လား AA ဘက်က မပြောပြတော့ ဖမ်းဆီးရတဲ့ အကြောင်းအရင်း မသိရသေးဘူး” ဟု ခုံတိုင်ကျေးရွာမှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက်မပြည့်သေးသည့် အမျိုးသားတစ်ဦး၊ လက်ထက်ရန် စေ့စပ်ထားသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် အသက် ၅၀ ကျော် အသက်ကြီးပိုင်း အမျိုးသားများပါဝင်ကြောင်း သိရသည်။

ထို့အပြင် ခုံတိုင်ကျေးရွာမှ ရွာသူ/သားများသည် ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် ဖေဖော်ဝါရီ ၈ ရက်နေ့၊ မနက်တွင် AA ခန့်ထားသည့် နယ်မြေမှူးထံ ဆန္ဒပြတောင်းဆိုကြပြီး AA တပ်ဖွဲ့ဝင်များက သေနတ် သုံးချက်ပစ်ဖောက်ကာ ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

“ရွာသားတွေက နယ်မြေမှူးဆီ ပြန်လွှတ်ပေးဖို့နဲ့ ဘာကြောင်း ဖမ်းတာလဲဆိုတာ သွားပြောတာပါ။ နယ်မြေမှူးက အခုဖြစ်စဥ်နဲ့ပတ်သက်လို့ သူအနေနဲ့မသိဘူးလို့ ပြောတယ်။ အဲဒီမှာ AA တပ်ဖွဲ့ဝင်တွေက သေနတ်ဖောက်တယ်။ သိချင်ရင် အထက်လူကြီးကိုမေးတဲ့။ ပြီးတော့ ရွာသားတွေဆန္ဒပြတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေ လိုင်းပေါ်မတင်ဖို့လည်း ခြိမ်းခြောက်ပြောဆိုသွားသေးတယ်” ဟု ခုံတိုင်ကျေးရွာမှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခုံတိုင်ကျေးရွာမှ မြိုလူမျိုး ၁၇ဦး ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ရာတွင် ပြန်လည်ဖြေဆိုခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် အမျိုးသား ခြောက်ဦးကို တစ်ကြိမ်၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် အမျိုးသား ငါးဦး တစ်ကြိမ်၊ ခုံတိုင်ကျေးရွာသားများကို ပြည်သူ့စစ်အဖြစ် AA က ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

ခုံတိုင်ကျေးရွာသည် အိမ်ခြေ ၁၈၀ ခန့်ရှိပြီး မြိုလူမျိုးနေထိုင်သည့် ကျေးရွာဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာတွင်လည်း မောင်တောမြို့နယ်၊ သီဟိုအေးကျေးရွာ၊ ကိုင်းကြီးကျေးရွာ၊ သစ်တုံနားခွဆုံကျေးရွာ၊ နန်းရာကိုင်းကျေးရွာ၊ ရွေတိုင်ကျေးရွာ၊ လေးမြိုကေသီကျေးရွာ နှင့် ဘောင်ကျေးရွာတို့မှ စစ်မှုထမ်းရန်ဟုဆိုကာ မြိုအမျိုးသား ၉၀ ကျော်ကို AA က ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

ထိုမြိုအမျိုးသား ၉၀ ကျော်ထဲမှ အသက်မပြည့်သေးသူများ၊ ကျန်းမာရေးမကောင်းသူများနှင့် တစ်အိမ်လျင် နှစ်ယောက်ပါသွားသူများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြိုလူမျိုး ၉၀ ကျော် ဖမ်းဆီးခဲ့ခြင်းနှင့်ပတ်သက်၍ မောင်တောနှင့် ဘူးသီတောင်မြို့နယ်တွင် မွတ်ဆလင်လက်နက်ကိုင်များ၏ ခြိမ်းခြောက်မှုကြောင့် မြိုအမျိုးသားများကို အခြေခံလုံခြုံရေး အသိပညာပေးသင်တန်းများနှင့် အသက်အန္တရာယ်လုံခြုံရေးအတွက် လိုအပ်သည်များ သင်ကြားပို့ချပေးနေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မီဒီယာများကို ဖြေကြားခဲ့သည်။

#မောင်တော #အသက်မပြည့်သေး #အမျိုးသမီး #မြိုတိုင်းရင်းသား၁၇ဦး #AA #ဖမ်းဆီး #Ayeyarwaddy_Times