(မလေးရှား)၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်၊

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားအချင်းချင်း ပြန်ပေးဆွဲပြီး ငွေညှစ်ခံရသည့် မြန်မာနိုင်ငံသား ရခိုင်လူမျိုး ခုနှစ်ဦးနှင့် ချင်းလူမျိုး တစ်ဦးတို့ကို Chin Refugee Committee,Malaysia (CRC) မှ ကယ်ထုတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူထံက သိရှိရသည်။

မြန်မာပွဲစားတစ်ဦးမှ အလုပ်ရမည်ဟုဆိုပြီး ဇန်နဝါရီ ၃၁ ရက်နေ့တွင် အွန်လိုင်းဖြင့် လိမ်လည်ခေါ်ဆောင်၍ ဆလန်ဂေါပြည်နယ်၊ ရှာလန်းမြို့ရှိ အခန်းတစ်ခုတွင် ပိတ်လှောင်ထားကာ မိသားစုဝင်ထံ ဆက်သွယ်ခိုင်း၍ငွေဖြင့်ရွေးခိုင်းခြင်းဖြစ်သည်။

“ပြန်ပေးဆွဲခံရတဲ့ထဲမှာ ချင်းလူငယ်တစ်ယောက်ပါတယ်။ သူ့မိဘတွေက ကျွန်တော်တို့ဆီ ဆက်သွယ်ပြီး အကူအညီတောင်းတယ်။ ကျွန်တော်တို့ ပြန်ပေးဆွဲသူတွေဆီ ဆက်သွယ်တော့ ဘဏ်ကနေငွေလွဲခိုင်းတယ်။ အဲ့မတိုင်ခင်က အရှိုချင်းတစ်ယောက်လည်း ပြန်ပြေးဆွဲခံရတယ်။ သူကျတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ အဲတုန်းကလည်း ပြန်ပေးဆွဲတဲ့လူက အတူတူပဲဖြစ်နေတယ်။ သူ့အကူအညီနဲ့ နေရပ်လိပ်စာအတိုင်း ကျွန်တော်တို့ မလေးရှား ရဲတွေနဲ့ ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့တယ်” ဟု Chin Refugee Committee, Malaysia တာဝန်ရှိသူ Salai Pakul က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရှားလန်းမြို့ရှိ ပြန်ပေးဆွဲခံရသူများရှိသည့်နေအိမ်တွင် ဇန်နဝါရီ ၂ ရက်နေ့၊ နံနက် ၂ နာရီဝန်ကျင်တွင် Chin Refugee Community, Malaysia နှင့်အတူ မလေးရှား ပူချွန်းဂျာယာ ရဲစခန်း၊ IPD Klang ရဲစခန်းတို့ပူးပေါင်း၍ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ပြန်ပေးဆွဲခံရသူများထဲတွင် ရခိုင်အမျိုးသား ခြောက်ဦး၊ ရခိုင်အမျိုးသမီး နှစ်ဦးနှင့် ဆမ်ထန် (ချင်း) အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ပြန်ပေးဆွဲခံရစဥ်တွင် ညှင်းပန်းနှိပ်စက်ခြင်းခံရ၍ လက်ရှိတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

“ကျွန်တော်တို့ ကယ်ထုတ်တုန်းက မြန်မာနိုင်ငံသား စုစုပေါင်း ရှစ်ယောက်ပေါ့။ ခုနှစ်ယောက်က ရခိုင်လူမျိုးတွေဖြစ်တဲ့အတွက် Puchong မှာရှိတဲ့ CARC ရုံး ဥက္ကဋ္ဌကို ဖုန်းဆက်သွယ်အကူအညီတောင်းပြီး ပို့ပေးလိုက်ပါတယ်။ အကုန်လုံးက နှိပ်စက်ခံထားရတယ်။ ခြေချောင်း၊ လက်ချောင်းတွေဆို မီးရှို့ခံရတယ်။ နှာခေါင်း၊ နားရွက်၊ နှတ်ခမ်းတွေဆို ပလေယာနဲ့ဆွဲနှတ်တာ နှိပ်စက်ခံရတယ်။ ခန္ဓာကိုယ်တွေဆို ကြိုးနဲ့ချည်းထားပြီး ခြေထောက်နဲ့ ကန်ကျောက်တဲ့ဒဏ်ရာတွေရတယ်” ဟု Chin Refugee Community, Malaysia မှ တာဝန်ရှိသူ Salai Pakul က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြန်ပေးဆွဲသူများအနက် အိန္ဒိယနိုင်ငံသား ငါးဦးနှင့် မြန်မာနိုင်ငံသား သုံးဦးတို့ကို မလေးရှားရဲတပ်ဖွဲ့များက ဖမ်းဆီးခံရမိပြီး ၎င်းတို့ကို မလေးရှားရဲတပ်ဖွဲ့က ပြန်ပေးဆွဲမှု၊ နှိပ်စက်မှု၊ ငွေညှစ်မူတို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် အွန်လိုင်းပေါ်မှ အလုပ်ရှာဖွေရာတွင် အလွယ်တကူ မယုံကြည်ကြရန်နှင့် မြန်မာနိုင်ငံသားအချင်းချင်း ငွေကြေး လိမ်လည်မှု၊ ပြန်ပေးဆွဲမှုများရှိနေသည့်အတွက် သတိထားရန် Chin Refugee Community, Malaysia က တိုက်တွန်းထားသည်။

#မလေးရှား #ပြန်ပေးဆွဲခံရ #ငွေညှစ်ခံရ #မြန်မာနိုင်ငံသား #ချင်းအဖွဲ့အစည်းကကယ်ထုတ် #Ayeyarwaddy_Times