
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်
ထရမ့်အစိုးရမှ USAID အကူအညီများကို ရပ်တန့်လိုက်သည့်အထဲတွင် မြန်မာနိုင်ငံသို့ ကူညီမှုများ ပေးဆောင်ရန် ကတိကဝတ်ပြုထားသည့် ရန်ပုံငွေ ဒေါ်လာ သန်း ၁၅၀ ဝန်းကျင်လည်း ပါဝင်ကြောင်း Human Rights Myanmar အဖွဲ့အစည်းထံက သိရသည်။
USAID မှ မြန်မာနိုင်ငံ၏ လွတ်လပ်မှုကို ကာကွယ်ရန် လူ့အခွင့်အရေးကာကွယ်ရေးစီမံကိန်း ခုနစ်ခု အတွက် ဒေါ်လာ ရှစ်သန်း၊ ဒီမိုကရေစီမြှင့်တင်ရေးလုပ်ငန်း ကိုးခုအတွက် ဒေါ်လာသန်း ၃၀ နှင့် လွတ်လပ်သောမီဒီယာများအား ပံ့ပို့ရေးအစီအစဉ် နှစ်ခုအတွက် ဒေါ်လာ တစ်သန်း စုစုပေါင်း ဒေါ်လာသန်း ၄၀ နီးပါး ထောက်ပံ့ရန် ကတိကဝတ်ပြုထားပြီး ရန်ပုံငွေများကို ထရမ့်အစိုးရမှရပ်ဆိုင်းလိုက်နောက် မည်သည့်အချိန်တွင် ပြန်လည်ထုတ်ယူခွင့်ပြုမည်ကို မသိရသေးကြောင်း သိရသည်။
လူ့အခွင့်ရေးနှင့် ဒီမိုကရေစီရေးအပြင် USAID အောက်ရှိ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းများဖြစ်သည့် လူသားချင်းစာနာမှု အကူအညီများအတွက် ဒေါ်လာ ၂၂ သန်း၊ ပညာရေး အတွက် ဒေါ်လာ သန်း၃၀၊ ကျန်းမာရေးအတွက် ဒေါ်လာ ၂၂ သန်း၊ စိုက်ပျိုးရေးအတွက် ဒေါ်လာ ၃၃ သန်း စသည့် စီမံကိန်းများ အတွက် ကတိကဝတ်ပြုထားသည့် ရန်ပုံငွေ ဒေါ်လာ သန်း ၁၁၀ ဝန်းကျင်ကိုလည်း ရပ်ဆိုင်းထားကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေများမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ တရုတ်နိုင်ငံ၏အာဏာရှင်လွှမ်းမိုးမှုကို တွန်းလှန်နေသည့် အဖွဲ့အစည်းများအတွက် အထူးအရေးပါပြီး ယခုကဲ့သို့ ရန်ပုံငွေများ ကြာရှည်စွာ ရပ်ဆိုင်းခံရပါက မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း Human Rights Myanmar ကထုတ်ပြန် ပြောဆိုထားသည်။
ရန်ပုံငွေ ရပ်ဆိုင်းမှုကြောင့် တီဘီ နှင့် HIV စီမံကိန်းများအတွက် ဒေါ်လာ ၁၀ သန်းမှာလည်း မရေရာသည့် အနာဂတ်နှင့် ရင်ဆိုင်နေရကြောင်းသိရသည်။
ထို့ပြင် ရန်ပုံငွေရပ်ဆိုင်းမှုကြောင့် ဒေသတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် မီဒီယာအဖွဲ့အစည်းအများစုမှာ လုပ်ငန်းများရပ်ဆိုင်းရန်၊ ဝန်ထမ်းများ လျှော့ချရန် နှင့် မရှိမဖြစ်ဝန်ဆောင်မှုများကို လျှော့ချရန် ဖိအားပေးခံရမှုများရှိနေကြောင်း သိရသည်။ အရေးပေါ် အကူအညီမရရှိပါက အဖွဲ့အစည်းအများအပြား ရပ်တည်နိုင်တော့မည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ရန်ပုံငွေများ အပြီးတိုင်ရပ်ဆိုင်းသွားပါက မြန်မာနိုင်ငံရှိ နှစ်ပေါင်းများစွာ တည်ဆောက်ထားသည့် လူမှုအခြေခံအုပ်မြစ်များ ပျက်စီးသွားနိုင်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် သတင်းလွတ်လပ်ခွင့်များအတွက် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရယူခဲ့ရသည့် တိုးတက်မှုများကိုလည်း ဆုတ်ယုတ်သွားမည်ဟု ဆိုသည်။
ထို့ကြောင့် အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဆိုင်ရာ ကတိကဝတ်များကို လိုက်နာရန် နှင့် လိုအပ်ပါက အရေးကြီးသည့် လုပ်ငန်းစဥ်များ မပျက်စီးစေရန် ရန်ပုံငွေများကို ဆက်လက်စီးဆင်းစေပြီး ပွင့်လင်းမြင်သာမှု နှင့် တာဝန်ခံမှုရှိသည့် ပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ်များကို ဆောင်ရွက်သင့်ကြောင်းလည်း Human Rights Myanmar က တိုက်တွန်း ပြောဆိုထားသည်။
Human Rights Myanmar အဖွဲ့အစည်းသည် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်ခြင်း၊ လူ့အခွင့်အရေးတန်းတူညီမျှစွာရရှိစေရေး၊ မီဒီယာလွတ်လပ်ခွင့် စသည်တို့ကို ဆောင်ရွက်နေပြီး လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အတွေ့အကြုံရှိသူများ၊ တရားမျှတမှု၊ သာတူညီမျှမှု နှင့် တရားဥပဒေစိုးမိုးရေးတို့ကို မြှင့်တင်ရန်အတွက် ကြိုးပမ်းနေသူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။
ဓာတ်ပုံ – အင်တာနက်
#အမေရိကန် #ထရမ့်အစိုးရ #USAID #ရန်ပုံငွေ #ဖြတ်တောက်ခံရ #Ayeyarwaddy_Times