
ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ ဖေဖော်ဝါရီ ၅ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ မဲပလီဗျူဟာစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံးခဲ့ကြောင်း အမှတ်(၂၇) စစ်ဗျူဟာထံက သိရသည်။
မဲပလီဗျူဟာ စခန်းကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက တစ်လ ဝန်းကျင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် စခန်းသိမ်းပိုက်နိုင်ခဲ့ကာ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) တပ်ရင်းမှ ဗျူဟာမှူး ဒုဗိုလ်မှူးကြီးတင့်လွင်ဦး၊ ခမရ-၄၀၅ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီးစိုင်းသူရဌေး အပါအဝင် ၂၀ ဦးမှာ စခန်းစွန့်ခွာ ထွက်ပြေးသွား ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီ ခမရ-၄၀၅ တပ်ရင်းမှ ဒု-တပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း၊ ဒု-တပ်ကြပ်လှမျိုးနိုင် အပါ အဝင် ၄၀ ဦးမှာ စခန်းသိမ်း တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။
“စစ်တပ်ဘက်ကတော့ လေယာဉ်တွေနဲ့ ပစ်တာတွေရှိပါတယ်။ ဗျူဟာမှူးက တိုက်ပွဲဖြစ်နေတုန်းမှာပဲ ထွက်ပြေးသွားတယ်လို့ ယူဆမိပါတယ်။ စစ်သုံ့ပန်းတွေကိုတော့ လုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ ထားပါတယ်။ ဒဏ်ရာရစစ်သုံ့ပန်းတွေကိုလဲ ဆေးကုသပေးထားပါတယ်” ဟု အမှတ်(၂၇) စစ်ဗျူဟာ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများတွင် စကခ-၈ မှ G-3 ဗိုလ်ကြီးသော်တာ အပါအဝင် ၂၇ ဦးကို ဖမ်းဆီရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသည့် ဗျူဟာမှူးနှင့်အဖွဲ့ကိုလည်း တော်လှန်ရေးပူးပေါင်း အဖွဲ့များမှ လိုက်လံရှာဖွေလျက်ရှိ ကြောင်းလည်း သိရသည်။
မဲပလီစခန်းကို စခန်းသိမ်းပိုက်နိုင်မှုမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့များ၏ ဗျူဟာကျကျ လျှပ်တစ်ပြက် ထိုးများအပြင် စနိုက်ပါတပ်ဖွဲ့ဝင်များ၏ သွက်လက်မှုများလည်း အဓိကပါဝင်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၂၇)စစ်ဗျူဟာ တပ်ရင်းမှ သူရိယ စစ်ကြောင်း၊ တပင်ရွှေထီးစစ်ကြောင်း၊ တပ်မဟာဒရုန်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း၊တောင်ညိုစစ်ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ BPLA၊ FFDဒရုန်းအဖွဲ့၊ LDF၊ပကဖ(ဘီးလင်း)နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဓာတ်ပုံ-အမှတ်(၂၇)စစ်ဗျူဟာ၊ အမှတ်(၂)စစ်ဒေသခွဲ
#မဲပလီဗျူဟာစခန်း #ဘီးလင်း #ဗျူဟာမှူးထွက်ပြေး #စစ်ကောင်စီ #PDF #KNLA #စခန်းသိမ်းပိုက် #Ayeyarwaddy_Times