
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရွာမန်းကျေးရွာတွင် မရာလဲန်းကာကွယ်ရေးတပ် (MDF) ၏ ဒရုန်း နှင့် လက်နက်ကြီးကျည်တို့ဖြင့် တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဘုရားကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။
ရွာမန်းကျေးရွာရှိ ချင်းကာကွယ်ရေးတပ်(လောက်တူ) တပ်စခန်းကို MDF မှ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ မဟာမိတ်အဖွဲ့နှင့်အတူ အင်အားအလုံးရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်သည့်အတွက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲတွင်း MDF ၏ ဒရုန်းနှင့် လက်နက်ကြီးကျည် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးခဲ့ခြင်းဖြစ်သည်။
“စစ်ရေးပစ်မှတ်မဟုတ်ပဲ အရပ်သားတွေနေထိုင်တဲ့ ရွာမန်းရွာကို MDF တွေက ဒရုန်းနဲ့ လက်နက်ကြီးကျည်ပါ အကြိမ်ရေ ၂၀ထက်မနည်း တိုက်ခိုက်ခဲ့တယ်။ ရွာက ဘုရားကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်တွေ ပျက်စီးသွားတယ်” ဟု ရွာမန်းကျေးရွာက ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
CDF-Lautu တပ်စခန်းရှိသည့်နေရာများတွင် MDF ၏ ထိုးစစ်ဆင်သည့်အတွက် နှစ်ဖက်အပြန်အလှန်ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ကျေးရွာ လေးရွာမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရကြောင့် သိရှိရသည်။
ယခုအခါ အဆိုပါ စစ်ဘေးရှောင်များသည် အရေးပေါ်စားနပ်ရိက္ခာများနှင့် နေရာထိုင်ခင်းများ အကူအညီလိုအပ်နေကြောင်းလည်း သိရသည်။
“လောလောဆယ် ပြည်သူတွေအချင်းချင်းကပဲ ကူထောက်ပံ့ပေးတဲ့ ရိက္ခာတွေနဲ့စားသောက်နေရပါတယ်။ အခုတကယ်လိုအပ်နေတာက နေရာထိုင်ခင်းတွေ၊ အမိုးအကာတွေ စားနပ်ရိက္ခာတွေက အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်” ဟု ရွာမန်းကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွာမန်းကျေးရွာကို ဒရုန်းနှင့် လက်နက်ကြီးကျည် တိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြောင်းစုံ သိရှိရန် MDF တာဝန်ရှိသူထံ ဆက်သွယ်သော်လည်း ဖြေကြားခဲ့ခြင်းမရှိပါ။
CDF-Lautu အနေဖြင့် MDF ၏ အင်အားအလုံးရင်းနှင့် ထိုးစစ်ဆင်မှုကို တက်သနိုင်သ၍ ပစ်ခတ်မှုမရှိအောင် ရှောင်သော်လည်း နောက်ဆုံးတွင် လုံးဝ ရှောင်လွဲ၍မရတော့သည့်အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကျတော်တို့ကတော့ ချင်းအချင်းချင်း လက်နက်နဲ့ ဖြေရှင်းတာကို လုံးဝလိုလားခြင်း မရှိပါဘူး။ ညီကိုတွေကြားမှာဖြစ်တဲ့ ပြသနာကို သူစိမ်းတွေ ခေါ်ပြီး ဖြေရှင်းတာက လုံးဝမဖြစ်သင့်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဘက်ကနေ တက်နိုင်သမျှ ထိတွေ့ တိုက်ပွဲ မဖြစ်တဲ့နည်းနဲ့ ခုချိန်ထိ သွားနေပါတယ်” ဟု CDF-Lautu ၏ လက်ထောက်အထွေထွေ အတွင်းရေးမှူး Salai Pa Bi က ဧရာဝတီတိုင်းမ်ကို ပြောသည်။
MDF ၏ ယခုကဲ့သို့ လုပ်ရပ်များ အားလုံးကို ရှုံ့ချပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်သည့်နေရာများတွင် ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လုံးဝ မဖြစ်သင့်သည့် ကိစ္စဖြစ်သည့်အတွက် ရပ်တန့်ရန် CDF-Lautu က တိုက်တွန်းထားသည်။
#မတူပီမြို့နယ် #MDF #ဘုရားကျောင်း #စာသင်ကျောင်း #နေအိမ်များပျက်စီး
#Ayeyarwaddy_Times