
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
ထိုင်းနိုင်ငံက အွန်လိုင်းလိမ်လည်မှုများကျက်စားရာ မြန်မာ – ထိုင်းနယ်စပ်ရှိ နေရာငါးနေရာတွင် လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီများဖြတ်တောက်သဖြင့် ဒေသခံပြည်သူများသာထိခိုက်ပြီး ကျားဖြန့်အဖွဲ့များက star link နှင့် စက်သုံးဆီဝယ်ယူစုဆောင်းထားကြောင်း သိရသည်။
ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်တွင် နေပြည်တော်၌ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန် (Direk Bongkarn) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ ကျားဖြန့်ဂိုဏ်း ပပျောက်ရေး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။
စစ်ကောင်စီက ကျားဖြန့်လုပ်ငန်းများပပျောက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း ထုတ် ဖော်ပြောကြားပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ အဆိုပါဖြတ်တောက်မှုများသည် လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုအဖွဲ့များကိုဦးတည်သော်လည်း လက်ရှိတွင် နယ်စပ်ဒေသခံများသာ အခက်အခဲဖြစ်ပေါ်နေကြောင်းသိရသည်။
” ဒီမနက် ၉ နာရီကစဖြတ်တယ်။ မီးဖြတ်တော့ထမင်းချက်စရာမရှိဘူး။ ဂတ်စ်အိုးသုံးကြလို့ ဟင်းချက်လို့ ရတယ်။ ရေက မနက်ဖြန်တစ်ရက်စာတော့ရှိသေးတယ်။ ရေလည်း အလှည့်ကျပေးမလား မသိဘူး။ စောင့်ကြည့်နေတုန်းပဲ။ စက်သုံးဆီဖြတ်မယ်ဆိုတော့ မနက်ကပဲ တန်းစီဝယ်နေတာတွေ့တယ် ” ဟု ဘုရားသုံးဆူမြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စက်သုံးဆီများဈေးတက်သွားပြီး ယခင် တစ်လီတာ ဘတ် ၄၀ မှ ယခု ဘတ် ၆၀ ဖြစ်သွားကြောင်း ဘုရားသုံးဆူတွင် နေထိုင်သူများထံက သိရသည်။
ဘုရားသုံးဆူရှိ ကျားဖြန့်လုပ်ကိုင်သော တရုတ်များသည် မီးစက်၊ စက်သုံးဆီ နှင့် star link များဝယ်ယူထားပြီးဖြစ်သလို အခန်းငှားခများကိုစာချုပ်ဖြင့် တစ်လလျှင်ဘတ်သိန်းနှင့်ချီငှားရမ်းနေထိုင် လုပ်ကိုင်ကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
” မီးပြတ်တော့ အသေးစားလုပ်ငန်းတွေရပ်သွားတယ်။အထည်ချုပ်လုပ်းငန်းတွေနဲ့ ဆိုင်တချို့လည်း ပိတ်သွားတယ်။ ရေသန့်စက်တစ်ခုလည်းပိတ်သွားပြီ။ မြို့ထဲမှာ ရေသန့်ပုံးခွံတွေနဲ့ ယောက်ယက် ခတ်နေတာ။ မီးသွေးဖိုတွေက မီးသွေးအိတ်တွေလည်းလုပြီးဝယ်နေကြတယ်” ဟု ဘုရားသုံးဆူမြို့ခံ အမျိုးသမီးတစ်ဦးက ဆက်လက်ပြောကြားသည်။
ထို့ပြင်ထိုင်းနိုင်ငံမှ စားသုံးဆီသုံးရပြီး မြန်မာပြည်တွင်းထဲမှ ဆန်နှင့် ဟင်းသီးဟင်းရွက်များဝယ်ရသဖြင့် စက်သုံးဆီပြတ်ချိန်တွင် သယ်ယူပို့ဆောင်ရေးစရိတ်များကြောင့် စားသောက်ကုန်ဈေးနှုန်းမြင့်တက် နိုင်ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်ထဲရှိ ဘုရားသုံးဆူမြို့တွင် ယခင်ကတည်းက ကျားဖြန့် ဂိုဏ်များရှိပြီး ယခုပိုများလာကာ သတ္တုတူးဖော်ရေးလုပ်ငန်းများကိုလည်း တရုတ်လူမျိုးများပင် လုပ်ကိုင်နေကြလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် မြန်မာ – ထိုင်းနယ်စပ်ရှိနေရာ ငါးနေရာကို ဖြတ်တောက်ရာတွင် မွန်ပြည်နယ် ဘုရား သုံးဆူ ၊ ရှမ်းပြည်နယ် တာချီလိတ် ၊ မြန်မာ – ထိုင်းချစ်ကြည်ရေးတံတား(တာချီလိတ်)၊ ကရင်ပြည်နယ် မြဝတီရှိ မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား (၂) နှင့် ကရင်ပြည်နယ် မြဝတီမြို့ တို့ပါဝင်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးဖြတ်တောက်ခြင်းခံရသည့် တာချီလိတ်မြို့သည် လာအိုနိုင်ငံမှ လျှပ်စစ်မီးကို အများဆုံးရယူသုံးစွဲနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒေသများတွင် ကျားဖြန့်နှင့် အွန်လိုင်းလောင်းကစားများ၏ အခြေခံ လိုအပ်ချက်ဖြစ်သည့် လျှပ်စစ် ဓာတ်အားနှင့် အင်တာနက်လိုင်း အဆက်အသွယ်ကို တစ်ဖက်နိုင်ငံ (ထိုင်း)မှတစ်ဆင့် ရရှိနေပြီး ပြည်ပအဖွဲ့အစည်းများမှ လာရောက်ရင်းနှီးမြှုပ်နှံ ထားကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံသည် မြန်မာနယ်စပ်ဘက်သို့လျှပ်စစ်ရောင်းချမှုမှတဆင့် ဘတ်သန်းနှင့်ချီကာ ဘဏ္ဍာငွေ ရရှိနေခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက် ၊ The Nation
#ထိုင်းလျှပ်စစ်ဖြတ်တောက် #မြန်မာထိုင်းနယ်စပ် #ကျားဖြန့် #ဒေသခံများအခက်ကြုံ #Ayeyarwaddy_Times