
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိကျေးရွာများတွင် စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်ရာတွင် ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်ချိတ်ပိတ်မည်ဟု အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်နေကြောင်း ဒေသခံများထံက သိရသည်။
ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအုပ်စုနှင့် အမှတ်(၁၀)ရပ်ကွက်တို့တွင် အုပ်ချုပ်ရေးမှုးများက အသက်၁၈နှစ်မှ ၃၅နှစ်အတွင်းရှိ လူငယ်များ၏ မိသားစုများကို အစည်းအဝေးခေါ်ကာ ခြိမ်းခြောက်နေခြင်းဖြစ်သည်။
“ခုက လူငယ်တိုင်း အလှည့်ကျ စစ်မှုထမ်းရမယ်၊ ဒါ့အပြင့် စစ်မှုထမ်းအတွက် ထောက်ပံကြေးလည်းကောက်မယ်။ နိုင်ငံခြားရောက်နေတဲ့သူတွေလည်း စစ်မှုထမ်းဖို့ပြန်မလာရင်မိဘတွေရဲ့အိမ်တွေချိတ်ပိတ်မယ်၊ ထောင်လဲချမယ်ပြောတယ်”ဟု အစည်းအဝေးတက်ရောက်ခဲ့သော ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ကျေးရွာများတွင် ယခင်က စစ်မှုထမ်း လူစားထိုးရန်အတွက် လူ၀ယ်ရန် တစ်ဦးလျှင် သိန်း ၁၀၀ ကျော်ပေးနေရပြီး ၂၀၂၅ ခုနှစ်အစပိုင်းမှစတင်၍ လူအစားထိုးခြင်းမပြုတော့ပဲ ဒေသခံလူငယ်များ အလှည့်ကျစေလွှတ်မည်ဟု အုပ်ချုပ်ရေးမှူးများက ပြောဆိုလာခြင်းဖြစ်သည်။
ပုသိမ်မြို့နယ်အတွင်းရှိ အချို့ကျေးရွာများတွင် အသက်၁၈နှစ်မှ ၃၅ အတွင်းရှိ လူငယ်များကို ကြိုတင်မဲနှိုက်ခိုင်းထားပြီး နံပါတ်စဥ်အလိုက် ပြည်သူ့စစ်မှုထမ်းသင်တန်း စေလွှတ်ရန် စီစဉ်နေကြောင်း သိရသည်။
#စစ်မှုထမ်းရန်ခေါ်ဆောင်စဥ် #တိမ်းရှောင် #နေအိမ်ချိတ်ပိတ်မည် #ပုသိမ် #အုပ်ချုပ်ရေးမှူးများ #ခြိမ်းခြောက် #Ayeyarwaddy_Times