
မြရာ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်
နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူလိုက်သည့် လေးနှစ်ပြည့်ချိန်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး မရရှိသေးသည့်အတွက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို ခြောက်လ ဆက်လက်သိမ်းယူခွင့် သက်တမ်းထပ်မံ တိုးမြှင့်ခံရကြောင်း သိရသည်။
နေပြည်တော် စစ်ကောင်စီအုပ်ချုပ်ရေး ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမတွင် ယနေ့ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ကျင်းပပြီး အာဏာ သက်တမ်းခြောက်လ ထပ်မံတိုးမြှင့်လိုက်ကြောင်း စစ်ကောင်စီထုတ်ပြန်သည်။
ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ် စနစ်ကို အခြေခံပြီး အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ပြင်ဆင် ဆောင်ရွက်သည့် အခြေအနေတွင် ဆက်လက်လုပ် ဆောင်ရန်ကျန်ရှိနေသည့် အချက်များနှင့် တည်ငြိမ် အေးချမ်းမှု လိုအပ်နေသေးသည့် အတွက် လုပ်ဆောင် ရန်လိုအပ်ချက်များကို အရှိန်အဟုန်မပျက်ဆက်လက် လုပ်ဆောင်ရန် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ခြောက်လသက်တမ်း တိုးမြှင့်ပေးနိုင်ရန် တင်ပြသည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ထိုသို့တင်ပြချက်ကို အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် ဖိတ်ကြားခံ ထားရသူများက ဝိုင်းဝန်းဆွေးနွေးပြီးနောက် ခြေဥ ၂၀၀၈ နှင့်အညီ ပုဒ်မ ၄၂၅ အရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ်ခြောက်လ တိုးမြှင့်သတ်မှတ်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါသက်တမ်းတိုးမြှင့်သည့် အစည်းအဝေးကို စစ်ခေါင်းဆောင်နှင့်အတူ တက်ရောက်သင့်သည့် ရာထူး ဌာနအသီးသီးမှ စစ်ကောင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး စစ်ခေါင်းဆောင်အလိုအတိုင်း အာဏာသက်တမ်းတိုးမှုကို အတည်ပြုခဲ့ကြသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်၏ယာယီသမ္မတ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌစသည့်တာဝန်များကို တစ်ယောက်တည်း ခွဲဝေယူထားသူဖြစ်သည်။
ယခုသက်တမ်းတိုးမှုကိုလည်း ယာယီသမ္မတဦးမင်းအောင်လှိုင်က အတည်ပြုပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပင် အာဏာသက်တမ်းတိုးမှုကို သဘောတူညီချက်ရရှိ၍ အာဏာကို ၎င်းကိုယ်တိုင်ရယူလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
#စစ်ခေါင်းဆောင် #အာဏာသက်တမ်း #၆လထပ်တိုး #Ayeyarwaddy_Times