
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်
မြန်မာစာပေပညာရှင် ၊ မြန်မာဘာသာနှင့်စာပေရေးသားသင်ကြားရာတွင်ထူးချွန်သူ၊ အချိန်ပြည့် မြန်မာစာအဖွဲ့ဝင် အမျိုးသားစာပေဆုတစ်သက်တာပညာရှင် ဒေါက်တာခင်အေး ကလောင်အမည် မောင်ခင်မင် (ဓနုဖြူ) ၏ ဈာပနအခမ်းအနားကို ယနေ့ဇန်နဝါရီ ၃၀ ရက် နေ့တွင် ရန်ကုန်မြို့ရှိ ရေဝေးသုသာန်တွင် ကျင်းပခဲ့ရာ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် များ ထောင်နှင့်ချီ လိုက်ပါပို့ ဆောင်ခဲ့ကြောင်းသိရသည်။
မောင်ခင်မင် (ဓနုဖြူ) ၏ ဈာပနအခမ်းအနားကို နိုင်ငံ တော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ သံဃာတော် အပါး ၂၀၀ အပါအဝင် စာပေအသိုင်းအဝိုင်းမှ စာရေးဆရာများ၊ ရန်ကုန်ပညာရေးတက္ကသိုလ်မှကျောင်းသားကျောင်းသူများ၊ ဆရာကြီး၏ တပည့်တပန်းများနှင့် ဧည့်ပရိတ်သတ်များ လိုက်ပါပို့ဆောင်ခဲ့သည်ကို တွေ့ရသည်။
“ဆရာကြီးက ကိုဗစ်ထိထားတော့ အခုလိုရုတ်တရက်ဖြစ်တဲ့ အခါမခံနိုင်တော့ဘူး။ နှလုံးဖြစ်တော့ ပိုဆိုးတယ်”ဟု လိုက်ပါပို့ဆောင်သူဒေါက်တာခင်အေး၏ တပည့်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဒေါက်တာ ခင်အေး ( မောင်ခင်မင် – ဓနုဖြူ) သည် မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်း ဆောင် နေပြီး မြန်မာစာသင်ရိုးညွှန်းတမ်း ရေးသားရာတွင်ပါဝင်သူဖြစ်သည်။
မောင်ခင်မင် (ဓနုဖြူ) သည် နှလုံး ရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားခြင်းဖြစ်ပြီး မီးသင်္ဂြိုဟ်ပြီး နောက်တွင် အရိုးဂူသွင်းမည်ဖြစ် ကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ဒေါက်တာခင်အေးကွယ်လွန် #မီးသင်္ဂြိုဟ် #ရေဝေးသုသာန် #Ayeyarwaddy_Times