မြရာ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

စစ်ကောင်စီက လူသတ်လက်နက်ဖြစ်သည့် ဗုံးသီးနှင့် မိုင်းများ၊ ဒုံးကျည်များတွင် ဗုဒ္ဓတရားတော် များကိုကပ်၍ AA ကို ယတြာနှင့်ပါ တိုက်ခိုက်ရန်ကြိုးပမ်းခဲ့ ကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်သည့် နယ်မြေများတွင် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ချိန်၌ အတ္ထိပစ္စယော၊ နတ္ထိပစ္စယောစသည့် ပဋ္ဌာန်းစာသားများကိုကပ်ထားသည့် ဗုံးသီး၊ ဒုံးကျည်၊ မိုင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီသည် “နတ္ထိပစ္စယော” မရှိခြင်းက ကျေးဇူးပြုသည်ဟူသော အဓိပ္ပာယ်ရသည့် ပဋ္ဌာန်း စာသားကို ဗုံးသီးနှင့်မိုင်းများတွင် ယတြာတစ်ရပ်အနေနှင့်ကပ်ကာ တိုက်ပွဲအတွင်း လူအစုလိုက် အပြုံလိုက် သေဆုံးစေရန်ရည်ရွယ်၍ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ဗုဒ္ဓ၏ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ဆန့်ကျင်သည့် လူသတ်လက်နက်များတွင် ယခုကဲ့သို့ ဗုဒ္ဓတရားတော် များကိုကပ်၍ ယတြာချေပြီး AA ကို ရင်ဆိုင်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးသီးနှင့် မိုင်းများကို မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ အမ်းတို့တွင် AA က ရှင်းလင်းရှာ ဖွေတွေ့ရှိခဲ့ကြောင်း သတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီသည် တိုင်းရင်းသားနယ်မြေများတွင်သာမက ပြည်မတိုက်ပွဲများတွင် ယတြာကို အထူး အလေး အနက်ထား၍ စစ်ဆင်နေခဲ့ပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် စစ်ရှုံးတိုင်းယတြာချေမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ခေါင်းဆောင်ချေခဲ့သည့် ခွေး ပြေး၊ ဝက်ပြေးယတြာ၊ ဥဩ ၁၄ ကောင် ယတြာ၊ မျောက်သုံးကောင် ဇောက်ထိုးဆွဲယတြာတို့မှာ ပြည်သူများကြားအထိ လှောင်ရီဖွယ်ဖြစ်ခဲ့ပြီး ယတြာအချေကောင်း၍ ဖနောင့်သံစူးခဲ့သည့် စစ်ခေါင်းဆောင်မှာ ဖနောင့်သံစူးသည့်အတွက် ထပ်မံယတြာ ချေမှုများ ပြုလုပ်ခဲ့ရသည်။

AA သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့က မောင်တောမြို့ကို အလုံးစုံသိမ်းယူပြီးနောက် မိုင်းရှင်းလင်းရေးများလုပ်ဆောင်ကာ ဒေသခံများကို ပြန်လည်နေထိုင်စေခဲ့သော်လည်း ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်နေ့က ရွှေဇားမူဆလင်ရွာမှ ကလေးငယ် တစ်ဦး အိမ်အောက်သို့ဆင်းစဉ် မိုင်းနင်းမိ၍ ခြေထောက်ပြတ်တောက်သွားကြောင်း သိရသည်။

စစ်ကောင်စီသည် အမ်းမြို့တစ်မြို့လုံးနီးပါး မြေမြုပ်မိုင်းများထောင်ထားခဲ့ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (အမ်းနပခ) အနီး ခြေချစရာ ပင်မရှိအောင် မိုင်းကွင်းများခင်းထားခဲ့သည့်အတွက် ယနေ့အထိ မိုင်းရှင်းလင်းရေးများကို AA က လုပ်ဆောင်နေရကြောင်း သိရသည်။

ပုံစာ- ဗုံးသီးနှင့် မိုင်းများ၊ ဒုံးကျည်များတွင် ဗုဒ္ဓတရားတော်များကပ်ထားသည်ကိုတွေ့ရစဉ်
#ရခိုင် #AA #စစ်ကောင်စီ #ဗုံးသီး #မိုင်း #ဒုံးကျည် #ယတြာ #ပဋ္ဌာန်း #စာသားများကပ် #ယတြာချေ #Ayeyarwaddy_Times