ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ရက်

မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် စစ်ရှောင်သွားကြသည့်ဒေသခံများသည် အာရက္ခတပ်တော် (AA) က မောင်တောကို သိမ်းပိုက်လိုက်ပြီးနောက် မြို့နယ်အတွင်း ပြန်လည် ဝင်ရောက်နေထိုင်လာကြပြီဖြစ်ကြောင်း သိရသည်။

မောင်တောဒေသခံများသည် ယခု ဇန်နဝါရီလမှ စတင်ကာမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လာ ကြပြီး ပြန်လည်ဝင်ရောက်လာသူများကို AA က စိစစ်၍ ဝင်ရောက်ခွင့်ပြုနေကြောင်း သိရသည်။

“AAက စိစစ်တယ်ဆိုတာ အာဆာ (ARSA) တွေ ကြားညှပ်ဝင်လာမှာစိုးလို့ သန်းခေါင်စာရင်းအတိုင်း ပေးဝင်နေတာပါ။ လူဦးရေ ထောင်ချီပြန်ဝင်လာနေပါပြီ” ဟု မောင်တောဒေသခံနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုအခါတွင် မောင်တောမြို့တွင်းရှိ ရပ်ကွက် (၁) ၊ ရပ်ကွက် (၂)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ရပ်ကွက် (၇)နှင့် အောင်ဗလကျေးရွာများမှ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်လျက်ရှိပြီ ဖြစ် ကြောင်း သိရသည်။

AAသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့က မောင်တော နယ်ခြားစောင့်ရဲစခန်း (နခခ- ၅) ၊ မြို့သူကြီး ကိုအပြီးသတ်တိုက်ခိုက်ကာ မြို့ကိုထိန်းချုပ်ပြီးနောက် မြို့တွင်း၊ မြို့ပြင် မိုင်းရှင်းလင်းရေးများကို လုပ်ဆောင်ကာ ယခုရက်ပိုင်းတွင် ဒေသခံများကို ပြန်လည်ဝင်ရောက်နေထိုင်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့ပေါ်ရပ်ကွက်များသို့ ရခိုင်အိမ်ထောင်စု ၉၀၀၊ မူဆလင်အိမ်ထောင်စု ၅၅၀ တို့မှ စုစုပေါင်း လူဦးရေ ၄၆၀၀ ကျော်ဝင်ရောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မောင်တောမြို့ပြင်ရပ်ကွက်များဖြစ်သည့် ရွှေဇားအနောက်၊ ရွှေဇားအလယ်၊ ဂေါင်ညာ၊ ကမ်းပိုင်းနား၊ ဂုံးနား စသည့် ကျေးရွာများသို့လည်း ရခိုင်၊ မူဆလင်နှင့် ဟိန္ဒူ လူမျိုးစုများဝင်ရောက် နေထိုင်မှုကို AA က စစ်ဆေးပြီး ဝင်ရောက်နေထိုင်ခွင့်ပြုထားကြောင်း သိရသည်။

မောင်တောတွင် စစ်ကောင်စီနှင့် AAတို့တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒေသခံအများစုမှာ မူဆလင် ဒုက္ခသည်စခန်းများတွင်သွားရောက် တိမ်းရှောင် နေရပြီး ယခုအခါ နေရပ်သို့ပြန်လည်ဝင်ရောက်နေထိုင်လာကြခြင်းဖြစ်သည်။

ပုံစာ- မောင်တောသို့ပြန်လည်ဝင်ရောက်လာသည့် ဒေသခံများ
#တိုက်ပွဲများ #စစ်ရှောင် #မောင်တောဒေသခံများ #AA #မြို့အတွင်း #ပြန်လည်ဝင်ရောက် #နေထိုင်ခွင့်ပြု #Ayeyarwaddy_Times