
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
ဆောင်းရာသီကာလနှောင်းပိုင်း ခြောက်သွေ့ရာသီရောက်ရှိလာသဖြင့် နယ်စပ်ဖြတ်ကျော် တောမီးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ထိုင်း၊ လာအို၊ တရုတ်နှင့် မြန်မာနိုင်ငံတို့ပူး ပေါင်းထိန်းချုပ်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၈ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် တောမီးကြံ့ကြံ့ခံနိုင်ခြင်း၊ ဒေသခံများ၏ လူမှုစီးပွားနှင့် စျေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်းမှ သိရသည်။
အဆိုပါမီးခိုးမြူငွေ့များကြောင့် လူသားများ၏ ကျန်းမာရေးကိုထိခိုက်စေ၍ နိုင်ငံအဆင့်နယ်စပ် ဖြတ်ကျော်တောမီးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်နိုင်ရေးအတွက် လေးနိုင်ငံပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီက ဆိုသည်။
ယင်းအပြင် တောမီးလောင်မှုကြောင့် သစ်တောများပျက်စီးပြုန်းတီးမှုကိုဖြစ်စေပြီး ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲများကို ပျက်စီးစေသည့်ကြီးမားသောပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။
လက်ရှိကာလသည် ပွင့်လင်းရာသီ ရောက်လာသဖြင့် လေထုညစ်ညမ်းမှုများစတင်ဖြစ်ပေါ်လာပြီ ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ထံက သိရသည်။
” မနက်အစောပိုင်း တော့ မြူတွေကျတယ်။ နည်းနည်းအေးလို့ နှာစေး နေတာမျိုးဖြစ်တယ်။ အသက်ရှူရခက်တာ၊ အသက်ရှူ ကြပ်တာမျိုးတော့မဖြစ်သေးဘူး” ဟု ရင်ကြပ်ရောဂါရှိသူ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရန်ကုန်မြို့တွင် ယခုရက်ပိုင်း နံနက်မိုးလင်းချိန်၌ မြူထူများဆိုင်းလျက်ရှိပြီး လာမည့် ဖေဖော်ဝါရီ ၂ ရက်မှ ၉ ရက်အတွင်း တိုင်းနှင့် ပြည်နယ်များတွင် မြူထူဆိုင်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ကထုတ်ပြန်သည်။
အိမ်နီးချင်းထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှု ကြောင့် စာသင် ကျောင်းရာနှင့်ချီ ပိတ်ထားရပြီး အလုပ်အကိုင်အများစုကို Work From Home ပြုလုပ်ထား ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ နှစ်က ထိုင်းနိုင်ငံရှိတောမီးကြောင့် မြန်မာနိုင်ငံ တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှု အနီရောင်အဆင့်ထိဖြစ်ပေါ်ခဲ့သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ် ၊ လူမှုကွန်ရက်
#နိုင်ငံဖြတ်ကျော် #လေထုညစ်ညမ်းမှု #မီးခိုးမြူငွေ့ညစ်ညမ်းမှု #Ayeyarwaddy_Times