
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မင်းသာကျေးရွာနှင့် ကျွန်ပင်သာကျေးရွာတို့တွင် စစ်ကောင်စီပူးပေါင်းတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံက သိရသည်။
မင်းသာကျေးရွာနှင့် ကျွန်ပင်သာကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ပျူစောထီး၊ ကသည်းတပ်၊ နာဂလက်နက်ကိုင် ပူးပေါင်းတပ်တို့ကို ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျွန်ပင်သာရွာမှာက သေနတ်သံတွေ ငြိမ်သွားပြီ။ သိမ်းလိုက်ပြီလား မသိဘူး။ မင်းသာဘက်မှာတော့ တိုက်ပွဲဖြစ်နေတုန်းပါ။ တိုက်ပွဲပြင်းထန်တာ သုံးရက်လောက်ရှိပြီ” ဟု တမူးမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျွန်ပင်သာကျေးရွာနှင့် မင်းသာကျေးရွာတို့သည် တမူးမြို့နှင့် မိုင် ၃၀ ခန့်သာ ကွာဝေးပြီး ကျွန်ပင်သာကျေးရွာတွင် စစ်ကောင်စီပူးပေါင်းတပ် အင်အား ၂၀၀ နီးပါး နှင့် မင်းသာကျေးရွာတွင် အင်အား ၄၀၀ နီးပါးဖြင့် တပ်စွဲထားသည်။
“အခုတိုက်ပွဲဖြစ်တဲ့နေရာမှာ စစ်သားတွေထက် ပြူစောထိီးတွေ၊ကသည်း၊ နာဂအဖွဲ့တွေအင်အားများတယ်။ ရွာသားတွေအများစုက မနှစ်ကတည်းက မရှိတော့ဘူး။ ရွာမှာကျန်တဲ့သူတွေကလည်း ပျူစောထီးမိသားစုတွေ၊ စစ်သားထောက်ခံတဲ့သူတွေချည်းပဲ” ဟု တမူးမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျွန်းပင်သာကျေးရွာ နှင့် မင်းသာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိပါက ပန်းသာကျေးရွာ စခန်း၊ ဟဲဇင်းကျေးရွာ တပ်စခန်းနှင့် တမူးမြို့ ခလရ ၂၂၈ တို့ ကျန်ရှိနေသေးသည်။
ပန်းသာကျေးရွာအခြေစိုက်ထားသည့် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ခိုမွန်နွန်ကျေးရွာကို ဒရုန်းဖြင့် ဗုံးသီးသုံးလုံး ကြဲချခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က ပြီးခဲ့သည့်အပတ်ကလည်း ထောက်ပို့ရဟတ်ယာဥ်ဖြင့် လေးကြိမ်ထက်မနည်း တမူးမြို့ကို လက်နက်ခဲယမ်းများနှင့် လူအင်အားများဖြည့်တင်းနေကြောင်း သိရှိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တမူးမြို့သိမ်းသတင်းကြောင့် ဒေသခံပြည်သူအများစုသည် ဇန်နဝါရီ ပထမအပတ်ကပင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်ခဲ့ကြောင်း သိရသည်။
#တမူးမြို့နယ် #စစ်ကောင်စီပူးပေါင်းတပ် #တော်လှန်ရေးပူးပေါင်းတပ် #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times