
ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ ဇန်နဝါရီ ၂၉ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်တွင် လာမည့် ဖေဖော်ဝါရီမှ စတင်ကာ အိမ်ထောင်မရှိသည့် အမျိုးသမီးများကို စစ်ကောင်စီက စစ်မှုထမ်းရန် စာရင်းကောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အမျိုးသမီးများ စစ်မှုထမ်းရန်စာရင်း ကောက်ယူရာတွင် သာယာဝတီခရိုင်တစ်ခုလုံး ကောက်ယူမည်ဖြစ်ပြီး အသက် ၁၈ နှစ် မှ ၂၇ နှစ်အတွင်းရှိ အိမ်ထောင်မရှိသည့် အမျိုးသမီးများကို ကောက်ယူသွားမည်ဖြစ် ကြောင်း သိရသည်။
“နာမည်စာရင်းတွေကို ဘယ်လိုထည့်မလဲတော့ မသိသေးဘူး။ မနှစ်က ကောက်ထားတဲ့ အိမ်ထောင်စုစာရင်းက အချက်အလက်တွေယူမယ်လို့သိရတယ်။ စစ်မှုထမ်းမယ့်သူ ဘယ်လိုရွေးမလဲတော့မသိသေးဘူး။ အပေါ်ကပဲ စာရင်းထုတ်မလား။ အုပ်ချုပ်ရေးမှူး တွေကပဲ စာရင်းကောက်မလားဆိုတာ မသိသေးဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခု စာရင်းကောက်မည့် အိမ်ထောင်မရှိသည့် အမျိုးသမီးများဟုဆိုရာတွင်လည်း သတ်မှတ်ချက်များရှိကာ ကလေးမရှိကာ ကာမပိုင်မရှိတော့သည့် အိမ်ထောင်ပြုဖူးသူ အမျိုးသမီးများလည်း ပါဝင်ပြီး အိမ်ထောင်ရှိပါကလည်း လက်ထပ်စာချုပ်၊ ဖိတ်စာ၊ ဓာတ်ပုံ စသည့် သက်သေအထောက်အထားတစ်ခုခု ပြနိုင်ရမည်ဖြစ်သည်။
စစ်ကောင်စီသည် အမျိုးသမီး စစ်မှုထမ်းအပါတ်စဉ်-၁ အတွက် စာရင်းများကို ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် စတင်ကောက်ယူနေပြီး တိုက်ကြီးဘက်တွင်လည်း စစ်မှုထမ်းသင်တန်းအတွက် အဆောင်အသစ်များကို ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီက မြေပြင်တွင် ယခုကဲ့သို့ စာရင်း ကောက်ရန်ပြင်ဆင်ခြင်း၊ ကောက်ယူခြင်းများပြုလုပ် နေသော်လည်း စစ်ကောင်စီ လော်ဘီများကမူ အမျိုးသမီးစစ်မှုထမ်း ခေါ်ဆောင်ရန်မရှိ သေးပဲ ကောလဟာလများသာဖြစ်ကြောင်းကိုလည်း ပြောဆိုနေကြသည်။
ဓာတ်ပုံ – အင်တာနက်
#သာယာဝတီခရိုင် #စစ်မှုထမ်း #စာရင်းကောက် #အမျိုးသမီး #စစ်ကောင်စီ #Ayeyarwaddy_Times