
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်
ရခိုင်းရိုးမအနီးရှိ ပန်းတောင်းနယ်စပ် ကျေးရွာများတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လက်နက် ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံများထံက သိရသည်။
ပန်းတောင်းနယ်အစပ်ရှိ ကျေးရွာများတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက ပုဂံကွဲကျေးရွာရှိ ဘုန်း ကြီးကျောင်းတွင် တပ်စွဲကာ လက်နက်ကြီးကုန်းမှ ပစ်ကူပေးနေပြီး ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်နေ့အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီက ညောင်ကျိုးတွင် တင့်ကားများကိုပါ ပို့ဆောင်၍ လက်နက်များရွှေ့ပြောင်းကာ ခံစစ်ပြင်ဆင်နေပြီး စစ်ကူအင်အားအများကိုလည်းပို့ဆောင် နေကြောင်း သိရသည်။
“လေကြောင်းကနေလည်း ပစ်တယ်။ စစ်ကား ၁၁ စီးလောက် တန်းစီပြီးတက်သွားတာ ၂၄ ရက်နေ့က။ ပြည်ဘက်ကို ဖောကားတွေနဲ့ အတိုအပြတ်တွေ ပြန်သယ် လာရင်လည်း မနည်းဘူး”ဟု ပန်းတောင်းမြို့ခံအမျိုး သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြည်နဝဒေးတံတားပေါ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့က နေ့လယ်ပိုင်းက ကုန်ကားများကို ချောဆွဲကာ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်းရိုးမအစပ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“နဝဒေးတံတားပေါ်မှာ နေ့လယ်ပိုင်းအချိန်ကြီးကို ကုန်ကားတွေ အစီး ၂၀ လောက်ကို ကားသမားကိုရော ချောဆွဲပြီးတော့ စစ်သားအင်အားနဲ့ လက်နက်တွေတင်ပြီး ညတွင်းချင်း သွားခိုင်းတာ”ဟု ပြည်မြို့တွင်ကုန်ကားမောင်းသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
လက်ရှိတွင် တောင်ကုတ်-ပြည်ပန်းတောင်းအနီးရှိ တောင်ပုံကြီးစခန်း သိမ်းပိုက်ခံရပြီးနောက် မိုးထိတောင်ဗျူဟာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အင်အားအများအပြားကို ပို့ဆောင် နေသော်လည်း အထိနာကာ လက်နက်ကြီးပစ်ကူအပြင် လေ ကြောင်းမှပါ တိုက်ခိုက်နေကြောင်း သိရသည်။
ထို့အပြင် ယခုဇန်နဝါရီလဆန်းပိုင်းတွင် ထုံးဘိုမြို့ တကစ ၃ မှ စစ်ကောင်စီတပ်သားအချို့ကို ညောင်ကျိုးသို့ စစ်ကူပို့ဆောင်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ် ဦးထွက်ပြေးသွားကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။
ဓာတ်ပုံ-ရှေ့တန်းထွက်နေသည့် စစ်ကောင်စီတပ်သားများ(ပုံဟောင်း)
#ပဲခူး #ပြည် #ပန်းတောင်း #အစပ် #တိုက်ပွဲ #ပြင်းထန် #မိုးထိတောင် #စစ်ကူပို့ #ညောင်ကျိုး #ခံစစ်ပြင် #Ayeyarwaddy_Times