ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇန်နဝါရီ ၂၆ ရက်)

နှစ်စဉ် နှစ်တစ်နှစ်ရဲ့အစ ဇန်နဝါရီလရဲ့ နောက်ဆုံးပတ် တနင်္ဂနွေနေ့ကို ကမ္ဘာ့အနာကြီးရောဂါ အထိမ်း အမှတ်နေ့ (World Leprosy Day) အဖြစ်သတ်မှတ်ထားပါတယ်။

ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၆ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့အနာကြီးရောဂါ အထိမ်းအမှတ်နေ့ ကိုတော့ “အနာကြီးရောဂါတိုက်ဖျက်မယ်၊ အဖြစ်ဆိုးကိုအဆုံးသတ်ကွယ်၊ စိတ်ကျန်းမာဖို့အားပေးမယ်” “Beat Leprosy, End Stigma, and Advocate for Mental Well-Being” ဆိုတဲ့ ကြွေးကြော်ချက်တွေနဲ့အတူ ဆင်နွှဲကြမှာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အနာကြီးရောဂါ အထိမ်းအမှတ်နေ့ပြုလုပ်တယ်ဆိုတာ ရောဂါကြောင့် သက်ရောက်မှုတွေ ရှိလာပြီး ထိခိုက်သွားတဲ့ လူအခွင့်အရေးဆုံးရှုံးမှုတွေ၊ အဖြစ်ဆိုးတွေကို စာနာနိုင်ပြီး ရောဂါတိုက်ဖျက် ရေးအတွက် လူထုပညာပေးခြင်းတွေကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ဖို့ပဲဖြစ်ပါတယ်။

#အနာကြီးရောဂါနှင့်လူမှုအသိုက်အဝန်း(Leprosy )

နူနာလို့ ယခင်ကခေါ်ဆိုခဲ့တာ အနာကြီးရောဂါ (လက်ပရိုစီ)ကို အတိတ်သမိုင်း ကြောင်းမှာတော့ ဆိုးရွံ့ကြောက်မက် ဖွယ် ကူးစက်ရောဂါတစ်ခုအဖြစ် ပုံဖော်ထားခဲ့ပါတယ်။

“နူရာ ဝဲစွဲ ၊ လဲရာ သူခိုးထောင်း ၊ ဗူးလေးရာ ဖရုံဆင့်” ဆိုပြီး ဆိုရိုးစကားတွေအပြင် ဗုဒ္ဓရဲ့တရားတော် တွေမှာလည်း နူနာ ရောဂါသည်များ ပါဝင်ပတ်သက်နေခဲ့ကြပါတယ်။

အနာကြီးရောဂါဆိုတာ တစ်ချိန်က ကပ်ရောဂါအသွင် သတ်မှတ်ပြီး လူမှုအသိုင်း အဝိုင်းကဖယ်ထုတ် ဆက်ဆံခဲ့ကြတယ်ဆိုတာ ဆရာမြသန်းတင့် ဘာသာပြန်ခဲ့တဲ့ “သုခမြို့တော်” လိုမျိုး အိန္ဒိယနောက်ခံ ကမ္ဘာကျော်ဝတ္ထုတွေမှာပင် တွေ့နိုင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အနာကြီးရောဂါသည်များကို သူဖုန်းစား၊ သူတောင်းစားများ အသွင်နှိမ်ပြီး ဆက်ဆံ ကြပါတယ်။ မြို့ရွာတွေကနေ နှင်ထုတ်ပြီး လှူမှုပတ်ဝန်းကျင်ကနေ ခွဲခြားစွန့်ပစ်ခဲ့ကြပါတယ်။

Leprosy (လပ်ပရိုစီ) အနာကြီး ရောဂါဆိုတာ အရေပြား အာရုံကြောနဲ့ အသားနုနေရာများ ထိခိုက်‌သော နာတာရှည်ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါလည်းမဟုတ်တဲ့အတွက် ရောဂါ ကူးစက်ပုံနှင့် လိုအပ်တဲ့စနစ်တကျကုသမှုကို လူအများနားလည်သဘောပေါက်အောင် ပညာပေးရပါမယ်။

#အနာကြီးကူးစက်ရောဂါ (Hansen’s Disease)

အနာကြီးကူးစက်ရောဂါ ဟာ Mycobacterium leprae ဘက်တီးရီယားပိုးကြောင့် နာတာရှည် ကူးစက်ရောဂါ ဖြစ်ပွားကာ အာရုံကြောတွေကိုထိခိုက်ပြီး အရေပြား မျက်လုံး အသက်ရှူလမ်းကြောင်း နှာခေါင်းနဲ့ ကြွက်သားတွေကိုလည်း ဆက်လက်ထိခိုက်ပျက်စီးစေပါတယ်။

#အနာကြီးရောဂါလက္ခဏာများ

ရောဂါကူးစက်ခံရပါက အရေပြားပေါ်မှာ အရောင်ဖျော့ဖျော့(အဖြူ) အစက်အပြောက်ကွက်လေးတွေ စထွက်ပါတယ်။ ထိလို့ထိမှန်းမသိ၊ နာလို့နာမှန်းမသိ၊ ပူခြင်းအေးခြင်းကိုလည်းပဲ မသိနိုင်တော့ဘဲ ထုံထုံထိုင်းထိုင်းဖြစ်ရောဂါ ကူးစက်ခံရပါက အရေပြားပေါ်မှာ အရောင်ဖျော့ဖျော့ (အဖြူ) အစက် အပြောက်အကွက်လေးစထွက်ပါတယ်။ ထိလို့ထိမှန်းမသိ နာလို့နာမှန်းမသိ၊ ပူခြင်းအေးခြင်းကိုလည်း မသိနိုင်တော့ဘဲ ထုံထုံထိုင်းထိုင်းဖြစ်နေချိန်က အစောပိုင်းကူးစက်ခံရချိန် လက္ခဏာတွေပဲ ဖြစ်ပါတယ်။

အရေပြား နီနီ ထူထူ ပြောင်ပြောင် ပုံစံမျိုး မျက်နှာနဲ့လက်တွေမှာဖြစ်လာခြင်း၊ အရည်တရွဲရွဲ အနာပေါက်ခြင်း ၊ မျက်ခုံးမွေးများ ကျွတ်ပြီး မရှိတော့ခြင်း၊ အရေပြားပုံပျက်သွားခြင်း၊ လက်ချောင်း‌ ခြေချောင်းများ ပုံပျက်ပြီး ကြွေကျတိုဝင်သွားခြင်း တို့ကတော့ ရောဂါကြာလာပြီး နှောင်းပိုင်းတွေ့ရတဲ့ ရောဂါ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

အနာကြီးရောဂါဟာ ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်ပေမယ့် ပျောက်ကင်းအောင်ကုသနိုင်ပြီး စောလျင်စွာသိလို့ စောစောကုမယ်ဆို ခန္ဓာကိုယ်ယိုယွင်း ထိခိုက်ပျက်စီးခြင်းလုံးဝမရှိပါဘူး။

အနာကြီးရောဂါသည် ပါးစပ်နှင့်နှာခေါင်းမှထွက်လာသောအမှုန်အမွှားများတွင် ပိုးပါဝင်ပါပြီး တစ်ခါနှစ်ခါ ထိတွေ့ရုံမျှနှင့် အလွယ်တကူကူးစက်‌သောရောဂါမျိုးမဟုတ်ပါ။ အနီးကြာ-အနာကြီး ဆိုသည့်အတိုင်း မကုသထားသောလူနာများနှင့် နီးနီးကပ်ကပ် လ၊နှစ်အချိန်ကြာမြင့်စွာ ထိတွေ့သူများကို သာကူးစက်ပါတယ်။

နေ့စဉ်လူမှုဘဝ လူအချင်းချင်းထိတွေ့မှုဖြင့် မကူးစက်နိုင်ပါ။ လက်ဆွဲနှုတ် ဆက်ခြင်း ၊ ပွေ့ဖတ်ခြင်း ၊ သတင်းစာအတူတူဖတ်ခြင်း ၊ စားပွဲဝိုင်းတစ်ခုတည်းအတူတူအသုံးပြုခြင်း ၊ ခုံတန်းရှည်တစ်ခုမှာ အတူတူဘေးချင်းကပ်ထိုင်ခြင်း ၊ အသုံးဆောင်ပစ္စည်းများမျှဝေသုံးစွဲခြင်း တို့ကြောင့်မကူးစက်နိုင်ပါဘူး။ ရောဂါရှိနေစေဦးတော့ ဆေးကုသမှုစတင်လိုက်ပြီဆိုပါက မကူးစက်နိုင်တော့ပါ။

ပျောက်ကင်းအောင်ကုသရာမှာ (Dapsone + Rifampicin + Clofazimine) ဆေးသုံးမျိုးစပ်ပြီး (multidrug therapy – MDT) ခြောက်လမှ တစ်နှစ်အတွင်း ပိုလုံးဝကင်းစင် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

ယနေ့ ကျရောက်တဲ့ အနာကြီးရောဂါတိုက်ဖျက်ရေး အထိမ်းအမှတ်နေ့ အနေဖြင့် မျှဝေလိုတာကတော့ အနာကြီးရောဂါဆိုတာ လွယ်ကူစွာ မကူးစက်ပါ။ ရောဂါခံစားနေရသူကို နှိမ့်ချဆက်ဆံခြင်းမပြုဘဲ ကိုယ်နဲ့တစ်တန်းထဲမှာပြောဆို ဆက်ဆံသင့်ပါတယ်။

ရောဂါသံသယရှိသူ တွေ့မြင်ပါက စမ်းသပ် စစ်ဆေးတိုင်ပင်ဖို့ အကြံဉာဏ်ပေးပါ။ ရောဂါဖြစ်ပွားပါက ခန္ဓာကိုယ်ထိခိုက်ပျက်စီးမှုမဖြစ်ခင်စောလျင်စွာကုသနိုင်ဖို့လိုအပ်ပါတယ်။

ဒါကြောင့် အနာကြီးရောဂါဟာ ကြောက်စရာမဟုတ်သောရောဂါလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း မကြောက်ဘဲ မနေဘဲ တကယ်‌ကြောက်စရာမဖြစ်သွားအောင် စောစောစီးစီးကုသကြပါလို့ သတင်း စကားလေးပါးလိုက်ပါတယ်။

မြန်မာနိုင်ငံသားများလည်း လက်ပရိုစီလို့ခေါ်တဲ့ အနာကြီးရောဂါဘေးမှ ကင်းဝေးကြပါစေလို့ ဆုမွန် ကောင်းတောင်းပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #နူနာ #အနာကြီးရောဂါ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)