စစ်ကောင်စီကို စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူရန် ပြောဆိုခဲ့ခြင်းမရှိဟု ဒေါက်တာအေးမောင် ပြော၊

======================

အသက်ပြည့်သူတိုင်း စစ်မှုထမ်းရမည်ဆိုသော်လည်း စစ်ခေါင်းဆောင်များ ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်နှင့် ချမ်းသာကြွယ်၀သူများ၏ သားသမီးများပါဝင်ခြင်းမရှိဘဲ အခြေခံလူတန်းစားများသာ သားကောင်ဖြစ်နေ

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

စစ်ကောင်စီကို စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူရန် ၎င်းနှင့် အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးတို့က ပြောဆိုခဲ့ခြင်းမရှိသလို နှစ်ဖက်တွေ့ဆုံမှု၏ အဓိက ရည်ရွယ်ချက်မှာ ၂၀၂၈ ဖွဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဖြစ်ကြောင်း ရခိုင့်ဦးဆောင် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ထံက သိရသည်။

နေပြည်တော်၌ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်မှ ၂၄ ရက်အထိ နှစ်ရက်တာ ပြုလုပ်ခဲ့သော စစ်ကောင်စီ၏ ငြိမ်းချမ်ရေးအဖွဲ့ (NSPNC)နှင့် ယင်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ် အဖွဲ့တို့ တွေ့ဆုံမှုတွင် အဆိုပါကိစ္စကို အပြန် အလှန်ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ယင်းတွေ့ဆုံမှုသည် ယခင်သုံးကြိမ်တိုင် ဆွေးနွေးပွဲများတွင် နှစ်ဖက်သဘောတူညီမှု မရရှိသည့် အချက်များကို ပြန်လည်ညှိနှိုင်း၍ သဘောတူညီမှုရရှိထားသော ဖွဲစည်းပုံ ပြင်ဆင်ရေး၊ ဥပဒေပြုရေး၊ အုပ် ချုပ်ရေး စသည့် အချက် (၄၃) ချက်ကို အတည်ပြု လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုသည်၊

“စစ်မှုထမ်းနဲ့ ပတ်သက်တာ ကျွန်တော်တို မဆွေးနွေးဖြစ်ဘူး။ ကျွန်တော်ရော၊ ဦးကိုကိုကြီး ရောပေါ့ဗျာ။ ကျွန်တော်ကတော့ ဖွဲစည်းပုံ အခြေခံဥပဒေအရ ၂၀၂၅ မှာ နစက(စစ်ကောင်စီ)က ကျင်းပမယ့် ရွေး ကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ဥပဒေ၊ ကျင်းပမယ့်ကာလ အဲဒါကို အဓိကထား ဆွေးနွေးပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီကမူ ၎င်းတို့၏ NSPNC နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ နောက်ဆုံးရက် တွေ့ဆုံမှုတွင် အထွေထွေ ဆွေးနွေးခြင်းကဏ္ဍ၌ PDF များ လက်နက်ချရေးနှင့် စစ်မှုထမ်းဥပဒေအရ အရေအတွက် တိုးမြှင့်ခေါ်ယူရေး အကြံပြုတင်ပြ၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း ၎င်းတို့၏ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို ဇန်နဝါရီ ၂၃ ရက်က ပြဌာန်း ထုတ်ပြန်ခဲ့ပြီး အဆိုပါနည်းဥပဒေတွင် နိုင်ငံရေးပါတီဝင်များလည်း စစ်မှုထမ်းရမည်ဟု ဖော်ပြ ထားကာ စစ်မှုထမ်းနေစဉ် ကာလအတွင်း သက်ဆိုင်ရာပါတီမှ နှုတ်ထွက်ပြီးဖြစ်ကြောင်း မှတ်ယူ ရမည်ဟု ဆိုထားသည်။

“နိုင်ငံတစ်ခုအောက်မှာ နိုင်ငံရေးပါတီတွေ၊ စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေ၊ ကျောင်းဆရာ တွေရဲ့ သားသမီးတွေ၊ CSO တွေရဲ့ သားသမီးတွေလည်း ရှိမယ်။ ဒါကတော့ ဥပဒေအရ သွားတဲ့အပိုင်းမို့ ကျွန်တော်ကတော့ ဘာမှမပြောလိုပါဘူး” ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေသည် အသက်ပြည့်သူတိုင်း စစ်မှုထမ်းရမည်ဟု ဆိုသော်ငြားလည်း စစ်ခေါင်း ဆောင်များနှင့် စစ်ကောင်စီအဖွဲ့ဝင်များ၏ သားသမီးများ၊ ရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော်နှင့် ချမ်းသားကြွယ်၀သူများ၏ သားသမီးများ ပါဝင်ခြင်းမရှိဘဲ အခြေခံ လူတန်းစားများသာ သားကောင်လို ဖြစ်နေကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီက ပြုလုပ်ရန် စီစဉ်နေသည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ၎င်းတို့အသိ အမှတ်ပြု နိုင်ငံရေးပါတီများမှာလည်း ယခင်ရင်ဆိုင် နေရမှုထက် အခက်အခဲများစွာ ဖြစ်ပေါ်လာသည်ဟု စစ်ကောင်စီထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံထားသည့် ပါတီများအနက် အမည်ဖော်ပြလိုခြင်း မရှိသည့် ပါတီခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

“တပ်မတော်ရဲ့ လက်ရှိအနေအထားကို ကျွန်တော်တို့မြင်တာကတော့ အောင်မြင်တယ်ဆိုတာ ကြီးကြီးမားမား မတွေ့ရတဲ့အခါ ကလေးတွေ တော်တော်များများဟာ ကြောက်လန့်ပြီး နယ်တွေ ရွှေ့ပြောင်းကုန်တယ်” ဟု နိုင်ငံရေးပါတီတစ်ခု၏ ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ – စစ်ကောင်စီ
#စစ်ကောင်စီ #စစ်မှုထမ်းအရေအတွက် #တိုးမြှင့်ခေါ်ယူ #ပြောဆိုခြင်းမရှိ #ဒေါက်တာအေးမောင် #သားကောင်ဖြစ် #အခြေခံလူတန်းစားများ #Ayeyarwaddy_Times