
ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဇန်နဝါရီ ၂၃ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကောင်စီက ကင်းထောက်မှုများပြုလုပ်ပြီးနောက် ဂျက်ဖိုက်တာသုံး စင်း ၊ Y 12 တို့ဖြင့် ယမန်နေ့၊ ဇန်နဝါရီ ၂၂ ရက် ၊ နံနက် ၁၁ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီသည် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) တပ်ဖွဲ့ဝင်များ တပ်စွဲနေရာ ယူထား သည်ဟု ယူဆရသော နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။
“မနေ့ညတော့ လေကြောင်းနဲ့ ပစ်ခတ်တာရှိတယ်။ ဆိုတော့ မနေ့ည မတိုင်ခင် နှစ်ရက်လုံးလုံးပေါ့။ မနက် ၈ နာရီကနေ ၁၀ နာရီခွဲ ဝန်းကျင်အထိ သူတို့ဘက်ကနေ ထောက်လှမ်းရေးလေယာဥ်နဲ့ ၂ နာရီကြာ အဲ့လိုမျိုးကြည့်တယ်။ ၂ရက်ပေါ့။ နောက်ပြီးတော့ မနေ့က မနက် ၁၁ နာရီ ပတ်ဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တာရှိတယ်။ ပြီးတော့ Y 12 နဲ့ ဗုံးချတဲ့ဟာတွေရှိတယ်။ ကျွန်တော်တို့ ရှိနေတယ်လို့ ထင်တဲ့ဟာတွေ ကြဲသွားတာပါ။ ကျွန်တော်တို့ဘက်ကနေတော့ ထိခိုက်တာ မရှိပါဘူး” ဟု CNDF၏ ပြောခွင့်ရဆလိုင်းတင်မီက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖလမ်းမြို့ရှိ ပြည်သူနေအိမ် အချို့ထိခိုက်ပျက်စီး ခဲ့ကြောင်းသိရသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို CNDFနှင့် ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲဖော်ဆောင်ခဲ့ရာ မြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ် အလုံးစုံကင်းစင်ရန်အတွက် ဖလမ်းမြို့တွင် အခြေစိုက်ထားသော ခလရ ၂၆၈ တပ်ရင်းတစ်ခုကိုသာ သိမ်းပိုက်ရန် ကျန်ရှိနေပြီး ခလရ ၂၆၈ တပ်ရင်းကိုလည်း ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။
ပုံစာ-ဖလမ်းမြို့။
#ဖလမ်းမြို့ #စစ်ကောင်စီ #ကင်းထောက် #လေကြောင်းဗုံးကြဲ #လူနေအိမ်အချို့ပျက်စီး #Ayeyarwaddy_Times