
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်
ဧရာဝတီတိုင်း၊ ဓနူဖြူမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်းရန် လူစုမပေးနိုင်သဖြင့် တာဝန်မှ ရပ်နားခံရကြောင်း ဒေသခံများထံသိရသည်။
သဘောသပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခိုလာတူး(ခ)ဦးရှာမွှေလှကို အုပ်ချုပ်ရေးမှူး တာဝန်ကရပ်နားပြီးနောက် အုပ်စုချင်းဆက် ဇီးဖြူကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ၎င်း၏ အုပ်စုနှင့် ပြည်သူ့စစ်မှုထမ်းအပြင် အခြားကိစ္စများကို တွဲ၍ တာဝန်ယူထားကြောင်း ဒေသခံများကပြောသည်။
“အုပ်စုမှာလုပ်မဲ့သူမရှ်ိတော့လို့ တစ်ခြားရွာအုပ်ကြီးကတွဲကိုင်တာ။ နားသွားတဲ့ အုပ်ကြီးရော အခုတွဲကိုင်မဲ့အုပ်ကြီးရော ကြံ့ခိုင်ရေးပါတီဝင် အကြီးစားတွေ။ ဒေသခံတွေ ဘယ်လောက်ဒုက္ခရောက်နေနေ စစ်မှုထမ်းအကြောင်းပြ ငွေကောက်နေကြတာ “ဟု သဘောသပြုကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သဘောသပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခိုလာတူး(ခ) ဦးရှာမွှေလှမှာ မြို့နယ်စစ်ကောင်စီထံ ပြည်သူ့စစ်မှုထမ်းလူရှာမပေးနိုင်၍ စစ်မှုထမ်းအကြောင်းပြ စုဆောင်းထားသည့် ငွေကြေးများနှင့်အတူ ထွက်ပြေးပြီးနောက် ရွာကိုပြန်လည်ရောက်ရှိလာပြီး ယခုကဲ့သို့ အုပ်ချုပ်ရေးတာဝန်မှ ရပ်နားသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။
သဘောသပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုချင်းဆက် ဇီးဖြူကုန်းအုပ်စု အုပ်ချုပ်ရေးမှူးကို ကျပ်ငွေသိန်းငါးဆယ်ပေး၍ အုပ်စုကို တွဲ၍အုပ်ချုပ်ခိုင်းပြီး ၎င်း၏လက်ထဲတွင် စစ်မှုထမ်းအကြောင်းပြ၍ စုဆောင်းထားသည့် ကျပ်ငွေသိန်းတစ်ရာဝန်းကျင်ကို ၎င်း၏ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဧရာဝတီတိုင်းအတွင်း မြို့နယ်စုစုပေါင်း ၂၆ မြို့နယ်ရှိပြီး စစ်ကောင်စီခန့် မြို့နယ်၊ ရပ်ကွက်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးအများစုမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းခံမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြကြောင်း ဒေသခံများထံကသိရသည်။
#ဓနုဖြူ #ပြည်သူ့စစ်မှုထမ်း #စစ်ကောင်စီခန့် #ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ #တာဝန်ကရပ်နား
#AyeyarwaddyTimes